
နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းတာကို ပုံစံမျိုးစုံနဲ့ဆန့်ကျင်တဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာသူတွေကို ထောင်ဘူးဝမှာတင် ပြန်လည်ဖမ်းဆီးခဲ့တာ ၇၄ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဒီကနေ့ ဩဂုတ် ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
အနီးစပ်ဆုံးဖြစ်စဉ်အနေနဲ့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ဟာ ဩဂုတ် ၇ ရက်က သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာချိန်မှာ ထောင်ဘူးဝမှာတင် ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံလည်းဖြစ်တဲ့ မမိုးဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၉ ရက်က ရန်ကုန်မြို့မှာဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က၊ ၁၇(၁) တို့နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရကာ သာယာ၀တီအကျဥ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
ဖမ်းဆီးခံရပြီး ၄ နှစ်ကျော်ကြာ မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရပြီးနောက် လွတ်ရက်စေ့နဲ့ ပြန်လွတ်လာပေမဲ့ ထောင်ဘူးဝမှာပဲ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-က တပ်ပြီး ပြန်လည် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ရက်စေ့တဲ့တိုင်အောင် ထောင်ဘူးဝမှာပဲ ပုဒ်မ အမျိုးမျိုးတပ်ပြီး ပြန်လည်အမှုတပ်ဖမ်းဆီးတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး မမိုးဆန်းစုကြည်အပါအဝင် ပြန်လည်ဖမ်းဆီးခံသူ ၇၄ ယောက် ရှိပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မှတ်တမ်းတင် ထုတ်ပြန်ထားပါတယ်။