
စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှု တခုချင်းစီတိုင်းအတွက် အကျဉ်းဦးစီးဌာန လက်အောက်က ဝန်ထမ်း ၁၃၃ ယောက်ဟာ အပြည့်အဝ တာဝန်ခံကြရမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
ပထမဦးစားပေး စစ်ဆေးရမယ့် အကျဉ်းထောင်ဝန်ထမ်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ အပါအဝင် ဝန်ထမ်း ၁၃၃ ယောက်ရဲ့ အချက်အလက်တွေကို PPNM က ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ရင်း အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီအကျဉ်းထောင်ဝန်ထမ်း ၁၃၃ ယောက် အပါအဝင် ဝန်ထမ်း ၇,၄၈၃ ယောက်ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်တွေကို PPNM အနေနဲ့ အတည်ပြုရရှိ စိစစ်ထားပြီး ဖြစ်သလို အမိန့်ပေးစေခိုင်းသူတွေ၊ ကျူးလွန်သူတွေနဲ့ ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေကို ထိရောက်တဲ့ တရားမျှတမှု ပြန်လည်ရယူသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကျဉ်းထောင်ဝန်ထမ်း ၁၃၃ ယောက်ရဲ့ အချက်အလက်တွေအပြင် အခြားအဆင့် ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကိုတော့ လျှို့ဝှက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို ဖြန့်ဝေပေးသွားမယ်လို့ PPNM က ဆိုပါတယ်။
သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူထားတဲ့ လမ်းပိုင်းတလျှောက်မှာ မှတ်ပုံတင်နံပါတ်တွေကို စိစစ်ပြီး စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်ပေးဖို့ကိုလည်း PPNM က တောင်းဆိုထားပါတယ်။