
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေအကျဉ်းထောင်(တောင်လေးလုံးထောင်)မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက အယောက် ၆၀၀ ကျော်ကို ထောင်ပြောင်းရွှေ့နေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကို ဇွန်လလောက်ကစပြီး အခု လက်ရှိအချိန်အထိ မိတ္ထီလာထောင်နဲ့ လားရှိုးထောင်တို့ကို အဓိကရွှေ့ပြောင်းနေတာလို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဖခင်က “ရွှေ့ပြောင်းရတာက မိန်းကလေးတွေလည်း ပါတယ်။ ယောကျာ်းလေးတွေက တော်တော်များတယ်။ ထောင်တွေမှာ တသုတ်ပြီးတသုတ် ပို့တာမျိုးပေါ့။ အသိထဲက နိုင်ငံရေးအကျဉ်းသူတချို့ရင် အရင်လကတည်းက မိတ္ထီလာထောင်အပြောင်းအရွှေ့ထဲ ပါသွားပြီ” လို့ ပြောပါတယ်။
ထောင်ပြောင်းရွှေ့ဖို့အတွက် အကျဉ်းသားတွေကို ဓာတ်ပုံရိုက်ယူထားပြီး ထောင်အလိုက် အယောက် ၅၀၊ ၁၀၀ စသဖြင့် တသုတ်ပြီးတသုတ် ဆက်တိုက် ခွဲပို့နေတာလို့ သိရပါတယ်။
ထောင်ပြောင်းရွှေ့ခံရပြီးနောက် တခြားထောင်ကို ရောက်သွားချိန် ထောင်ပိုင်တွေက စစ်ကြောရေးလုပ်တာ၊ ပုံစံပေးတာတွေရှိတဲ့အပြင် မိသားစုနဲ့ချိတ်ဆက်ဖို့ ခက်ခဲတာကြောင့် မရွှေ့ပြောင်းရဖို့အရေး ငွေကြေးနဲ့လာဘ်ထိုးရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၂,၀၀၀ ကျော်အထိရှိနေပြီး ထောင်တွင်းဖိနှိပ်ခံရတာ၊ ဆေးဝါးစောင့်ရှောက်မှု လုံလုံလောက်လောက် မရတာ၊ ရိုက်နှက်ခံရတာ၊ လွတ်ရက်စေ့ပေမယ့် မလွတ်မြောက်တာတွေ ကြုံတွေ့နေရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။