Home
မြန်မာသတင်း
အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသား သေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်
DVB
·
July 10, 2025
အိုးဘိုထောင်တွင် ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ။ (Photo: PPNM)

နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုက ဆက်တိုက်ဖြစ်လာနေပြီး မန္တလေး အိုးဘိုအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားသေဆုံးမှုက အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီက သိရပါတယ်။

ဇူလိုင် ၈ ရက် မနက်အစောပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမြင့်ဝေဟာ အူအတက်ပေါက်ပြီး အသက်ဆုံးပါးသွားခဲ့ရပါတယ်။

အသက် ၅၉ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေကို ၂၀၂၁ ခုနှစ် မေ ၁၉ ရက်က စစ်ကိုင်းတိုင်း ရွာသစ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)၊ ၅၀(က)၊ ၆၁ တို့နဲ့ ပုဒ်မ ၃ ခုနဲ့ ချမ်းမြသာစည်တရားရုံးမှာ အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၉ နှစ်အထိ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဦးမြင့်ဝေဟာ ဇူလိုင်လ ပထမပတ်ကစလို့ ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာ ခံစားရလို့ ဆေးဝါးကုသခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ဆေးဝါးကုသမှု မရရှိခဲ့ဘဲ ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာချိန်မှ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဆေးရုံရောက်ချိန် နောက်ကျခဲ့ရလို့ သေဆုံးသွားခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

အိုးဘိုထောင်တွင်း သေဆုံးမှုတွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ကုသခွင့်တွေ မရတဲ့အပြင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဘက်က သတင်းဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ PPNM အဖွဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“အိုးဘိုအကျဉ်းထောင်က ကျနော်တို့သိသလောက်က ထိပ်ပိုင်း တာဝန်ရှိသူတွေ၊ နာမည်ကြီး ပုဂ္ဂိုလ်တွေတောင် သေဆုံးနေတဲ့ အခြေအနေတခုထိ ဖြစ်လာတယ်။ ဒီအခြေအနေတွေဟာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ စိုးရိမ်နေတဲ့ အခြေအနေထက်ကို ပိုပြီးဆိုးဝါးတဲ့ အခြေအနေတရပ် ဖြစ်နေတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ အကျဉ်းဦးစီးဌာနဟာ သူတို့ရဲ့ အားနည်းချက်ကို ပြုပြင်ပြောင်းလဲဖို့ မလုပ်ဘဲနဲ့ ထောင်တွင်း သေဆုံးမှုတွေ မဖြစ်ဘူးဆိုတဲ့ အခြေအနေတခုကို ဖန်တီးဖို့ ထောင်တွင်းမှာ သေဆုံးသွားတဲ့ နိုင်ကျဉ်းတွေရဲ့ သတင်းတွေ အပြင်ကိုမထွက်ဖို့ ဒီသတင်းထွက်နိုင်မယ့် လမ်းကြောင်းတွေကိုပါ ပိတ်ဆို့ဖို့ ကြိုးစားလာတယ်။ သတင်းဖုံးဖို့ ကြိုးစားလာတယ်။ သူတို့တွေကြောင့် သေဆုံးတဲ့ နိုင်ကျဉ်းတွေ များနေပြီဆိုတာကို ဖုံးကွယ်ဖို့ အကျဉ်းဦးစီးဌာနကနေ စနစ်တကျ တနိုင်ငံလုံးဆိုင်ရာ ညွှန်ကြားထားတဲ့ ကိစ္စတရပ်အဖြစ်ကို ကျနော်တို့ တွေ့လာရတယ်။”

လက်ရှိ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေရဲ့ ဆေးဝါးစောင့်ရှောက်ကုသခွင့် အတွက် မြန်မာကျပ်ငွေ ၁,၂၀၀ ဝန်းကျင်သာ ထောက်ပံ့ကြေးရရှိတာဖြစ်လို့ လုံလောက်မှု မရှိကြောင်းလည်း သိရပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ ဆက်တိုက်ဆိုသလို ကျဆုံးတဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်းနဲ့ ထောင်တွင်းအခြေအနေတွေကို နိုင်ငံတကာအနေနဲ့ ဂရုစိုက်ဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်လည်းဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ထောင်တွင်းမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်က ကျနော်တို့ အထူးပဲ စိုးရိမ်ပူပန်မိပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု များစွာတွေထဲက ထင်ရှားတဲ့တခု ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ဒီအချက်ပေါ်မှာ စူးစိုက်ပြီးတော့ အရေးယူဆောင်ရွက်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အကျဉ်းကျနေတဲ့ အသက်ကြီးတဲ့လူတွေ နဂိုကတည်းက ကျန်းမာရေးမကောင်းတဲ့သူတွေဟာ ဒီအခြေအနေမှာ ပိုပြီးတော့ ခံစားရတယ် ဆိုတာ ကျ‌နော်တို့ အတွေ့ပါပဲ။ ဒါပေမဲ့ ထောင်တွင်းအခြေအနေတွေက တိုးတက်မှုမရှိပါဘူး။ အထူးသဖြင့် ICRC ဝင်ခါစက ရရှိခဲ့တဲ့ တိုးတက်မှုတွေဟာလည်း အခုဆို ပျောက်ကွယ်သွားပြီလို့ ကျနော်တို့ နားလည်ပါတယ်။”

အိုးဘိုထောင်တွင်း ဆေးဝါးထောက်ပံ့ပေးမှုနဲ့ ဆေးကုသခွင့်တွေ လုံလောက်စွာ မရရှိတဲ့အတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနဲ့ NLD ပါတီဝင်ဟောင်း ဦးမြင့်ဝေတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ တနှစ်ကို ၂၅ ယောက်ထက်မနည်း ကျဆုံးနေရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013