
နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ စက်တင်ဘာ ၂၅ ရက်ကစလို့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါကြောင့် မန္တလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မြင်းခြံထောင်မှာ အကျဉ်းချထားတဲ့ ဒေါက်တာမြင့်နိုင်ဟာ စက်တင်ဘာ ၃၀ ရက်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး နှလုံးမှာ စက်ထည့်ထားတဲ့အချိန် ကြာမြင့်ပြီ ဖြစ်တဲ့အတွက် ဆေးဆက်လက်ကုသခွင့်ရဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
နီးစပ်သူတယောက်က “မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ရင်ခေါင်းနဲ့ အူလမ်းကြောင်းရောဂါနဲ့ပါ။ စစ်ဆေးပြီးပါပြီ။ အူလမ်းကြောင်းမှာ အဖုတွေ့တယ်လို့ ကြားတယ်။ ဒါပေမဲ့ အခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ နှလုံးကို စက်ထည့်ထားတာ ၁၁ နှစ် ကျော်လာပြီ ဖြစ်တဲ့အတွက် နည်းနည်းမောလာတယ်လို့တော့ သိရပါတယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ဇနီးကို DVB က အောက်တိုဘာ ၁ ရက်မှာ ဖုန်းနဲ့မေးမြန်းဖို့ ကြိုစားခဲ့ပေမဲ့ အဆက်အသွယ်မရသေးဘဲ ဒီကနေ့ အခြေအနေ အပါအဝင် မိသားစုနဲ့ တွေ့ခွင့် ရ၊ မရကိုလည်း မသိရသေးပါဘူး။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တယောက်လည်းဖြစ်တဲ့ ဒေါက်တာမြင့်နိုင်ကို စစ်တပ်က အဂတိ ၇ မှု အပါအဝင် စုစုပေါင်း ၁၀ မှုနဲ့ စွပ်စွဲကာ ထောင် ၂၅ နှစ် ချထားတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်မှာ မုံရွာထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းတယ်လို့ အကြောင်းပြကာ အာဏာသိမ်းပြီးတဲ့နောက် NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုပါ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စိုးသူအောင်




