
နယ်မြေကိစ္စမှာ အမေရိကန်က ယူကရိန်းကို သစ္စာဖောက်လိမ့်မယ်လို့ ပြင်သစ်သမ္မတ မက်ခွန်းက သတိပေးခဲ့ကြောင်း ဂျာမနီမဂ္ဂဇင်း Der Spiegel က ဖော်ပြလိုက်ပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့က ဥရောပခေါင်းဆောင်တွေရဲ့ ဖုန်းပြောဆိုမှုမှတ်တမ်းကို ကိုးကားပြီး အခုလို ဖွင့်ချလိုက်တာပါ။
အဲဒီမှတ်တမ်းမှာ “လုံခြုံရေးအာမခံချက် ရှင်းရှင်းလင်းလင်းမပါဘဲ၊ နယ်မြေကိစ္စမှာ အမေရိကန်က ယူကရိန်းကို သစ္စာဖောက်မဲ့ အလားအလာ ရှိတယ်” လို့ မက်ခွန်းက ယူကရိန်းသမ္မတ ဇလန်းစကီးကို ပြောကြားခဲ့ကြောင်း ပါရှိပါတယ်။
ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်ချ်မာ့ဇ်ကလည်း အမေရိကန်ဟာ ဥရောပရော ယူကရိန်းနဲ့ပါ ကစားနေတာဖြစ်လို့ သတိထားဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်စားလှယ်တွေ မော်စကိုကို သွားရောက်ဆွေးနွေးနေတာကို ရည်ညွှန်းပြီး အခုလိုပြောဆိုခဲ့တာပါ။
ဖင်လန်သမ္မတနဲ့ နေတိုးအတွင်းရေးမှူးချုပ်တို့ကလည်း ယူကရိန်းကို အမေရိကန်လက်ထဲပဲ ပစ်မထားသင့်ဘူးလို့ စိုးရိမ်တကြီး ပြောဆိုခဲ့ကြပါတယ်။
Der Spiegel မဂ္ဂဇင်းက အဆိုပါဖုန်းပြောဆိုမှုမှာ ပါဝင်သူအတော်များများကို မေးမြန်းခဲ့ရာမှာ ဆွေးနွေးမှု တကယ်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ကြပါတယ်။
ပါဝင်သူနှစ်ဦးကဆိုရင် အဲဒီပြောကြားချက်တွေဟာ အတိအကျမှန်ကန်ကြောင်း ထောက်ခံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ဇလန်းစကီးရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ဝန်ကြီးချုပ် မာ့ဇ်ရဲ့ ရုံးအဖွဲ့တို့ကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။
ပြင်သစ်သမ္မတရုံးကတော့ မက်ခွန်းပြောခဲ့တယ်ဆိုတဲ့ စကားရပ်တွေအပေါ် အငြင်းပွားကန့်ကွက်ထားပြီးတော့၊ နေတိုးအတွင်းရေးမှူးချုပ်ရုံးကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြောင်း Der Spiegel က ဖော်ပြထားပါတယ်။
ဂျာမနီဝန်ကြီးချုပ် မာ့ဇ်ကတော့ ဥရောပရဲ့ လုံခြုံရေးကို ကိုယ်တိုင်စီမံရမှာဖြစ်ပြီး ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွက် သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။
Source: Reuters


