
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းဟာ ကုန်သွယ်ရေးနဲ့ ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမြို့မှာ ဒီဇင်ဘာ ၄ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဥရောပသမဂ္ဂက တရုတ်အပေါ် ကုန်သွယ်ရေးစည်းမျဉ်းတွေ တင်းကျပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ မက်ခွန်းဟာ စီးပွားရေးလုပ်ငန်းရှင် အများအပြားကို ဦးဆောင်ပြီး တရုတ်နဲ့ စီးပွားရေးဆက်ဆံမှု ခိုင်မာအောင် ကြိုးစားနေတာပါ။
တရုတ်လျှပ်စစ်ကားတွေကို ဥရောပက အခွန်တိုးကောက်ဖို့ လုပ်ဆောင်နေသလို၊ တရုတ်ဘက်ကလည်း ပြင်သစ်ဘရန်ဒီအရက် တင်သွင်းမှုကို စုံစမ်းစစ်ဆေးနေတဲ့ ကုန်သွယ်ရေးတင်းမာမှုတွေကြားမှာ ဒီခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ စွမ်းအင်နဲ့ လေကြောင်းကဏ္ဍလို နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးကြဖို့ရှိပါတယ်။ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ရရှိအောင် ရုရှားကို ဖိအားပေးဖို့လည်း သမ္မတရှီကို မက်ခွန်းက တိုက်တွန်းခဲ့ပါတယ်။
တရုတ်ဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ တိုက်တွန်းလေ့ရှိပေမဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကိုတော့ ပြစ်တင်ရှုတ်ချခြင်း မရှိသေးပါဘူး။
သမ္မတမက်ခွန်းဟာ ဒီဇင်ဘာ ၅ ရက်မှာတော့ သမ္မတရှီနဲ့အတူ စီချွမ်ပြည်နယ်က ချန်ဒူးမြို့ကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
Source:Reuters


