
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ပြုလုပ်သုံးစွဲတဲ့ ဘုန်းကြီးတပါးနဲ့ ငွေစက္ကူအတု ထုတ်လုပ်ပေးတဲ့ အရပ်သားတယောက်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ငွေစက္ကူအတု ပြုလုပ်သုံးစွဲတဲ့ ဘုန်းကြီးဟာ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အုတ်ရှစ်ကုန်ကျေးရွာအုပ်စု၊ မယင်းကုန်းကျေးရွာ၊ သီရိအောင်မြေဘုန်းတော်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ အသက် ၄၂ နှစ်၊ ဝါတော် ၂၀ ရှိ ဥူးအာစရ (ခ) ဦးအောင်ဇော်မင်းဖြစ်ပြီး ငွေစက္ကူတွေကို အတုထုတ်လုပ်ပေးတဲ့သူကတော့ မဲဇလီကုန်းမြို့ အမှတ် (၁) ရပ်ကွက်၊ ဘူတာလမ်းမှာရှိတဲ့ ကိုတာ မိတ္တူဆိုင်ပိုင်ရှင် ဇေယျာမင်း(ခ)ကိုတာ ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့နီးစပ်သူက “ငွေစက္ကူအတုတွေ ပြုလုပ်သုံးစွဲနေတယ်လို့ သတင်းရတာကြောင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက စစ်ဆေးခဲ့တာ။ ဘုန်းကြီးရဲ့လက်ဝယ်မှာလည်း ငွေစက္ကူတွေကို တွေ့ရှိတယ်။ ကျောင်းတိုက်ထဲက သင်္ကန်းတွေအောက်မှာလည်း ငွေစက္ကူအတုတွေ တွေ့ရတာကြောင့် ဖမ်းဆီးစစ်ဆေးနေတာ” လို့ ပြောပါတယ်။
ငွေစက္ကူအတု ပြုလုပ်သုံးစွဲခဲ့တဲ့ ဘုန်းကြီးဆီကနေ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က ၁၀,၀၀၀ တန် ငွေစက္ကူအတု အရွက်ရေ ၁၅၀ ကျော်အထိ လက်ဝယ်ထားရှိ သုံးစွဲနေတာကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “ဘုန်းကြီးက မိတ္တူဆိုင်ကိုသွားပြီး ကျောင်းဆောက်ဖို့ ပြုလုပ်တဲ့ နေရာမှာ ယတြာချေအသုံးပြုဖို့ ဆိုပြီး ငွေစတ္တူအစစ်တရွက်ပေးပြီး မိတ္တူဆွဲခိုင်းတာလို့ သိရတယ်။ မိတ္တူဆိုင်က ငွေစက္ကူအတု ထုတ်လုပ်တာ မဟုတ်ဘူး။ ဘုန်းကြီးလည်း ဖြစ်သလို ရင်းနှီးတော့ လုပ်ပေးလိုက်ရာက အခုလိုဖြစ်သွားတာ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ငွေစက္ကူအတုတွေကို print ထုတ် အတုပြုလုပ်ပေးတဲ့သူကို ဇေယျာမင်း(ခ)ကိုတာ နဲ့ လက်ဝယ် ထားရှိသုံးစွဲသူခဲ့သူ ဥူးအာစရ(ခ)ဦးအောင်ဇော်မင်း တို့ကို အင်္ဂပူမြို့နယ် ထူးကြီးနယ်မြေရဲစခန်းက (ပ) ၂/၂၀၂၆၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ နဲ့ အမှုဖွင့် အရေးယူကာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။


