Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် ငွေစက္ကူအတုများ ပျံ့နှံ့နေ
DVB
·
May 19, 2025

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်နဲ့ ရှမ်းပြည်နယ်စပ်က ဖယ်ခုံမြို့နယ်တို့မှာ ငွေလဲလှယ်ရာမှာ ငွေစက္ကူအတုတွေ အထပ်လိုက် ပါဝင်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ သတိထားဖို့ လိုအပ်တယ်လို့ ငွေလွှဲငွေထုတ် ပြုလုပ်သူတွေက ပြောပါတယ်။

မေလ ပထမအပတ်တုန်းက ငွေလွှဲငွေထုတ်ဆိုင်မှာ ငွေလွဲသူက ငွေကျပ် ၁,၀၀၀,၀၀၀ လဲချိန် ၈၀၀,၀၀၀ က ငွေစက္ကူအတုတွေ ဖြစ်နေတာကို ကြုံတွေ့ခဲ့ရပါတယ်။ ငွေစက္ကူအတု ထုတ်သူတွေကလည်း ၁၀,၀၀၀ တန်အတုကို အဓိက ရောနှောသုံးစွဲကြတာပါ။

ကိုယ်တိုင်ကြုံရတဲ့ ငွေလွှဲငွေထုတ်ပြုလုပ်သူတယောက်က “ငွေစက္ကူကြည့်လိုက်တော့လည်း တအားကြီး A4 ပုံစံမျိုး၊ သာမန်စက္ကူပုံစံမျိုး မြင်ရတယ်။ ငွေစက္ကူရဲ့ ထောင့်တွေမှာက ၁၀,၀၀၀ ဆိုတဲ့ အက္ခရာက သေချာကိုင်ကြည့်လိုက်ရင် အဲဒီစာလုံးတွေက မိတ္တူကူးထားတာ ဖြစ်တဲ့အတွက် အဲဒီစာလုံးတွေက ဖောင်းကြွမဟုတ်တော့ ကြမ်းကြမ်းလေး မဖြစ်ဘူး။ ပြီးတော့ ငွေကြိုးမှာက အစစ်ဆိုရင် ငွေကြိုးက အပေါ်အောက် မြှုပ်ထားတယ်။ အတုမှာက မြှုပ်ထားတာ မဟုတ်ဘဲ ကော်ပီကူးထားတဲ့အတွက် အပေါ်ယံပဲပါတယ်။ ငွေကြိုးကိုခေါက်ပြီး သေချာကိုင်ကြည့်ရင် အတုမှာ ငွေကြိုးမပါဘူး။ အဲဒီလို အချက်အလက်နဲ့ သေချာကြည့်ရင် အတုနဲ့အစစ် ခွဲရတယ်။ ဒါပေမဲ့ သာမန်ပဲ ကြည့်လိုက်ရင် ဆေးသားတွေကအစ အကုန်လုံးကတော့ လုံးဝ အစစ်နီးပါးတူတယ်” လို့ ပြောပါတယ်။

ဧပြီ ၄ ရက်ကလည်း မယ်စဲ့က ငွေလဲလှယ်တဲ့ဆိုင်မှာ ငွေစက္ကူအတုတွေ လဲလှယ်မိခဲ့သူတွေ ရှိနေပြီး တခြားသူတွေလည်း ကြုံတွေ့လာရတဲ့အတွက် သတိထားကြဖို့ လိုအပ်နေတာပါ။

စစ်ရှောင်နဲ့ ရဲဘော်တွေကို ဆေးကုပေးနေတဲ့ ဆရာဝန်တယောက်က “တော်တော်ဆိုးတာပေါ့နော်။ မသမာ လောဘတွေရော။ ဥပမာ အရမ်းချမ်းသာတဲ့သူဆီ ငွေအတု ၁၀,၀၀၀၊ ၁၀၀,၀၀၀ လောက် ရောက်သွားတာ ကိစ္စမရှိပေမဲ့ တနေ့လုပ်မှ တနေ့စားရတဲ့ လမ်းဘေးဈေးသည်ဆီ အဲဒီပိုက်ဆံအတု ၁၀,၀၀၀ ရောက်သွားရင် သူ့အတွက် သွားပြီပဲလေ နော့။ တနေ့လုပ်မှ တနေ့စားရသူတွေ၊ စစ်ဘေးရှောင်တွေဆီ၊ အလုပ်လက်မဲ့ဖြစ်နေသူတွေဆီ ဒါတွေရောက်သွားရင် မလွယ်ဘူးလေနော်။ ဒါက မှန်းကြည့်လို့ကို ရတယ်။ ဝိုင်းဝန်းပြီး တိုက်ဖျက်ရမယ်ပေါ့နော်။ ပြီးတော့ ငွေရေတဲ့အခါ ယူတဲ့အခါကျရင်လည်း သေချာလေး ရေတွက်ပြီး ယူကြဖို့ပေါ့။ တကယ်ငွေအတုထုတ်နေတဲ့ နေရာတွေကိုလည်း သတင်းရတာနဲ့ ပိတ်ဆို့ပြီး ဖမ်းကြဖို့ပေါ့လေ” လို့ ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာလည်း ငွေအတုလဲလှယ်ရေး page တွေ၊ အကောင့်တွေ ရှိနေပြီး ငွေအတုနဲ့ အစစ်ကို ၁၀ ဆ တဆနှုန်းနဲ့ လဲလှယ်နိုင်တယ်လို့ ကြေညာထားတာတွေ တွေ့ရပါတယ်။

ငွေစက္ကူအတုတွေကိုလည်း အမြို့မြို့အနယ်နယ်က လူတွေက မှာယူနေတဲ့အတွက် ဂျပ်ဖာနဲ့ထုတ်ပြီး ပို့ဆောင်နေရတဲ့ပုံတွေလည်း တင်ထားကြပေမဲ့ တကယ်ပဲ ငွေအတုကို ရောင်းပေးတာလား ဆိုတာကတော့ အတည်မပြုနိုင်ပါဘူး။

ငွေစက္ကူအတုတွေ စစ်ဘေးရှောင်နဲ့ ဒေသခံတွေဆီ မရောက်စေဖို့ ငွေသားယူတဲ့အချိန်မှာ သတိထား စစ်ဆေးကြဖို့ လိုအပ်ပြီး အတုတွေ တွေ့ခဲ့ရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ပြည်သူအချင်းချင်း သတိပေးကြတာ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013