Home
မြန်မာသတင်း
စစ်ကောင်စီလေတပ်က တိုက်ပွဲမရှိဘဲ ဆက်တိုက် ဗုံးကြဲနေသဖြင့် ကရင်နီစစ်ရှောင်များ ထိတ်လန့်
DVB
·
May 14, 2025

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ကရင်နီ(ကယား)ပြည်နယ်ထဲက နေရာဒေသတွေကို လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေပါတယ်။ 

ကရင်နီပြည်နယ်ထဲက မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံနဲ့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဘောလခဲ၊ မော်ချီး၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်အစပ်က မိုးဗြဲ၊ ဖယ်ခုံဘက်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

IEC အတွင်းရေးမှူး ၂ ဦးဗညားက “အခုက ဒီ လူသားမျိုးနွယ်စုအပေါ်မှာ ချိုးဖောက်ပြီးတော့ လူ့အခွင့်အရေးကို နောက်ထပ် ပုံစံတခုနဲ့ ထပ်တွေ့ရတာပေါ့နော်။ အရင်တုန်းက ရွာတွေထဲ ဝင်တယ်၊ မီးတွေရှို့တယ်၊ ဖမ်းဆီးသတ်ဖြတ်တာတွေ စနစ်တကျ ဝင်ရောက်ဖျက်ဆီးတာတွေ လုပ်တယ်။ ခုလည်း စနစ်တကျ  Plan ပြီးတော့မှ လေကြောင်းကနေ တိုက်ခိုက်တယ်။ လူထုတွေက ကိုယ့်ရဲ့နေရပ် ကိုယ့်ဒေသမှာ မနေနိုင်အောင်ပေါ့နော်၊ သေကျေ ပျက်စီးမှုဖြစ်အောင် မနေနိုင်အောင် တခြားအရပ်ကို ထွက်ပြေးတိမ်းရှောင်အောင်လုပ်တာပေါ့။ အဲ့အတွက်ကြောင့် လူထုတွေရဲ့ လူမှုစီးပွားရေးတွေ ပျက်စီးတယ်။ ပညာရေး ကျန်းမာရေးကို ထိခိုက်ပျက်စီးစေတယ်။ နောက်သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ကိုလည်း ဆက်လက် ထိန်းသိမ်းဖို့အတွက် အားနည်း ခက်ခဲသွားတာပေါ့။ ဒါက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု တခုလို့ သတ်မှတ်လို့ ရတာပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေရှိရာနေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ လေယာဉ်သံကြားတာနဲ့ ကြောက်ရွံ့နေကြရပါတယ်။

ဒီးမော့ဆို စစ်ဘေးရှောင်အမျိုးသမီးတယောက်က “လေယာဉ်လို့ပြောလိုက်တာနဲ့ ထိုးဆင်းလာတဲ့ အသံကိုနားထဲမှာ ကြားပြီးရင် အလိုလိုကြီးကို ကြောက်နေတာ။ ကတုတ်ကျင်းထဲကို အမြန်ခုန်ဆင်းလိုက်ပေမဲ့ လူက တုန်ပြီးတော့ တကိုယ်လုံးက ပြာပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ ပြီးတော့ အခုနေနေတာက ကုန်းဆင်းလမ်းရဲ့ ဘေးမှာပေါ့။ ပြီးတော့ ညဘက်တွေမှာ ကားတွေက အရှိန်မလျော့ဘဲနဲ့ အမြန်မောင်းရင် တချို့အသံတွေက လေယာဉ်သံလိုလို ကားသံလိုလို မကွဲတဲ့ အသံမျိုးရှိတယ် အဲ့ခါကျ လေယာဉ်လို့ထင်ပြီး ဗုံးခိုကျင်းထဲ ပြေးဝင်တဲ့အခေါက်တွေ၊ မိုးခြိမ်းသံကြားရင်လည်း လေယာဉ်ကြဲသွားတာလား ဘာလားဆိုပြီး  စိတ်ဒဏ်ရာတွေ အများကြီးဝင်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ပြည်သူတွေရှိရာနေရာကို လက်နက်ကြီးနဲ့  ပစ်ခတ်နေပါတယ်။

မေ ၁၃ ရက်ကလည်း မော်ချီးဒေသထဲကို လေကြောင်းကနေ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ  ၂ ယောက်ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၄ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်က ဒေသခံနဲ့ ပြည်သူ ၇၄၂ ယောက်အထိ အသက်ဆုံးရှုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈၇၄ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်အင်အားစု PKPF က မေ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နှင်းနှင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013