Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် ကရင်နီတွင် စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၄၀ ကျော် သေဆုံး
DVB
·
May 1, 2025

စစ်ကောင်စီတပ်က အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ကျော် ကာလအတွင်းမှာ ကရင်နီပြည်နယ်အတွင်း ပြည်သူ ၇၄၂ ယောက် သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က မေ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်အထိ အရပ်သားပြည်သူ ၅၆၅ ယောက်နဲ့ စစ်ဘေးရှောင်ပြည်သူ ၁၇၇ ယောက်၊ စုစုပေါင်း ၇၄၂ ယောက် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၃,၀၃၁ လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

PKPF ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီက အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ လက်ခံလို့မရဘူး။ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တဲ့အတွက် တနေ့တချိန်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ အရေးယူနိုင်ဖို့အတွက် ပြည်တွင်းက နိုင်ငံရေးအင်အားစုနဲ့ ပြည်ပက အင်အားစုတွေ ကြိုးစားပြီး အရေးယူဖို့ လုပ်ဆောင်ရမှာပေါ့။ ဒါမှ သေဆုံးသွားခဲ့တဲ့ အရပ်သားပြည်သူအတွက် တရားမျှတမှုတွေ ရနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

နေအိမ်ပျက်စီးမှုအပြင် လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၁,၈၇၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၅၇ ခု၊ စာသင်ကျောင်း ၂၉ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၇ ခု ထိခိုက်ပျက်စီးကာ အယောက် ၁၆၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

ကရင်နီပြည် နေရာအနှံ့မှာ တိုက်ပွဲပေါင်း ၁,၃၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၃,၇၆၀ သေဆုံးကာ တိုက်ပွဲအတွင်း တိုက်လေယာဥ် ၃ စီး ပျက်စီးတဲ့အပြင် စစ်ကောင်စီယာဥ် ၆၈ စီး ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ KNDF တပ်ရင်း၊ KA နဲ့ PDF တပ်ဖွဲ့ဝင် ၇၄၀ လည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013