Home
မြန်မာသတင်း
မင်းလှမြို့နယ်၌ တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ
DVB
·
May 1, 2025

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်‌ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်နေပြီး အဲဒီတိုက်ပွဲတွေမှာ သေဆုံးမှု များပြားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေထံက စုံစမ်းသိရပါတယ်။

ဧပြီ ၃၀ ရက် မနက်ပိုင်းက ဇရစ်မြောင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စတင်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အဲဒီကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။

“ရွာမီးရှို့နေတာကို အဝေးက မီးခိုးတွေပဲ မြင်ရတယ်၊ ပြန်မကြည့်ရဲဘူး။ အစ်မတို့ စစ်ရှောင်နေရတာ ၆ ရက်လောက်ရှိပြီ။ ခု ရွာမှာ စစ်သားတွေ တပ်စွဲထားတယ် ပြောတယ်။ ရွာလုံးကျွတ် မီးလောင်သွားတယ်တော့ ကြားတယ်၊ ပြန်မကြည့်နိုင်တော့ သေချာမသိရဘူး။”

ဒီနေ့‌မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငမိုးရိပ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်လာပြီး ဆက်လက်မီးရှို့ဖျက်ဆီးနေကြောင်း အဲဒီကျေးရွာကနေ စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။

“လက်နက်ကြီးက ညတည်းက တညလုံး ရွာဘက်ကို ပစ်နေတာ။ ပြီးတော့ ခုမနက် ရွာထဲ ဝင်လာပြီး ရွာကို မီးရှို့နေတယ်။ ရွာသားတွေတော့ အကုန်ထွက်ပြေးနေရတာ။ မီးက ခုထိ မငြိမ်းသေးဘူး။ မီးသတ်မယ့်သူတွေလည်း မရှိဘူးလေ။ သူတို့က ရွာထဲ ပစ္စည်းတွေယူပြီးမှ မီးရှို့တာ ဖြစ်နိုင်တယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ သေဆုံးမှု များပြားခဲ့တဲ့အတွက် ရှုံးမဲ မဲကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ မှ တပ်ရင်းမှူး စောဂျိမ်းစ်က ပြောပါတယ်။

“စစ်ကို စစ်နဲ့တူအောင် တိုက်စေချင်တယ်။ ခုက မဆိုင်တဲ့ရွာတွေကို ပတ် မီးရှို့နေတာ။ ခု စစ်အုပ်စု မီးရှို့ခံရတဲ့ရွာတွေက တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘူး။ ပြည်သူတွေကို ပစ်မှတ်မထားဘဲ တိုက်ပါ။ သူတို့ ထောက်ခံတဲ့ နေရာတွေကအစ အကုန်ပတ်ယမ်းပစ် မီးရှို့ လုပ်နေကြတာ။”

ဧပြီ ၂၃ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းလှမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဧပြီ ၃၀ ရက်အထိ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့က ‌စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်းလည်း တော်လှန်ရေးရဲဘော်တွေက ထုတ်ပြန်ထားပါတယ်။

အကျအဆုံးများနေတဲ့ စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် ‌လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတဲ့အတွက် မင်းလှမြို့နယ် ကျေးရွာ ၂၀ ကျော်က ပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013