Home
မြန်မာသတင်း
ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး
DVB
·
August 27, 2025
Photo: NN

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ အီလတ်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးပွဲကို မလာတဲ့ အရပ်သားတွေကို ဒဏ်ငွေရိုက်နေသလို ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထူးကြီးခန်းမမှာ သြဂုတ် ၂၄ ရက် ၉ နာရီက စတင်ပြုလုပ်တဲ့ အီလတ်ထရောနစ် မဲပေးစက်လက်တွေ့စမ်းသပ် မဲပေးတာကို လာရောက်ကြည့်ရှုဖို့ ပျက်ကွက်တဲ့ အရပ်သားတွေကို အုပ်ချုပ်ရေးမှူးက တယောက် ကျပ် ၁၅,၀၀၀ ဒဏ်ငွေရိုက်နေတာလို့ ဆိုပါတယ်။

ဒေသခံ တယောက်က “အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ်တာ မလာတဲ့သူတွေ ဒဏ်ငွေဆိုပြီး တောင်းယူတာ။ ဘယ်အလုပ်လုပ် ဖိအား ပေးလုပ်တာ။ အုပ်ချုပ်ရေးမှူးတွေကို လုပ်ခွင့်ပေးထားတော့ ပြောစရာကိုမရှိတော့တာ။ အုပ်ချုပ်ရေးမှူးတွေထဲမှာ ရာဇာထွန်းက အဆိုးဆုံး” လို့ ပြောပါတယ်။

အဲ့ဒီ မဲပေးစက် လက်တွေ့ စမ်းသပ်မဲပေးပွဲမှာ အုပ်ချုပ်ရေးမှူးတွေက မဲပေးစက်အလုပ်လုပ်ပုံကို ရှင်းပြကာ စမ်းသပ်မဲပေးခိုင်းတာအပြင် ကြံ့ခိုင်ရေးပါတီတခု တည်းကိုသာ မဲထည့်ဖို့နဲ့ မဖြစ်မနေမဲသွားပေးဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တအိမ် တယောက်ခေါ်တာ၊ မလာတဲ့အိမ်တွေကို ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးက စာရင်းယူပြီး တခါးတည်းဒဏ်ငွေရိုက်တာ။ ကြောက်တော့ ပေးကြတာပေါ့။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အကြောက်တရားနဲ့ အုပ်ချုပ်ပြီး  ကြံ့ခိုင်ရေးပါတီအတွက် မဲခိုးမယ်ဖို့လုပ်နေတာ” လို့ ပြောပါတယ်။

အဲ့ဒီ လက်တွေ့စမ်းသပ် မဲပေးပွဲကို မလာတဲ့ အရပ်သား အယောက် ၁၀၀ ထက်မနည်း ဒဏ်ရိုက်ခံရကာ ငွေကျပ် ၁၅,၀၀၀ ပေးရပြီး ဒဏ်ငွေတွေကို ရပ်အကျိုးရွာအကျိုး သုံးသွားမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

လက်တွေ့စမ်းသပ်မဲပေးခိုင်းခြင်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ကာ မဲရုံတရုံမှာ မဲပေးစက် ၃ ခုထားပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ ရဲတွေက လုံခြုံရေးယူပေးခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013