
စစ်ကောင်စီက အခုနှစ်ကုန်မှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွင်း အသုံးပြုသွားမယ့် MEVM မဲပေးစက်တွေနဲ့ ပတ်သက်ပြီး အသုံးပြုနည်းသင်တန်းတွေကို လာမယ့် ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဇွန် ၂၃ ရက် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မဲပေးစက်တွေ အသုံးပြုသွားဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်နေတာပါ။
မဲရုံအဖွဲ့ဝင်ဖြစ်တဲ့ မဲလက်မှတ်ထုတ်ပေးသူနေရာမှာ အစားထိုးမယ့် မဲပေးစက်တွေကို ကိုင်တွယ်အသုံးပြုမယ့်သူတွေအတွက် သင်တန်းတွေကို ဖွင့်လှစ်သွားမှာ ဖြစ်ပြီး သင်တန်းသားရွေးချယ်ရာမှာ စနစ်တကျရွေးချယ်သွားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
မဲပေးစက်ကိုင်တွယ် အသုံးပြုဖို့အတွက် သင်တန်းသား ရွေးချယ်တာနဲ့ သင်တန်းပေးတာတွေကိုတော့ ဩဂုတ်လနောက်ဆုံးထား အပြီးသတ်ဆောင်ရွက်သွားမယ်လို့ ကော်မရှင်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဝန်ထမ်းတွေကို မဲပေးစက် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေဖို့နဲ့ ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးနိုင်ဖိုအတွက် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းတွေ၊ နည်းပြဆရာဖြစ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ဇူလိုင်လအတွင်း ဖွင့်သွားမယ်လို့ သိရပါတယ်။