Home
မြန်မာသတင်း
မဲပေးစက် အသုံးပြုနည်းသင်တန်း တက်ခဲ့သည့် ဆရာ၊ ဆရာမများကို သင်တန်းတွင်းကိစ္စ ထုတ်မပြောရန် တားမြစ်
DVB
·
July 21, 2025
Photo: MV

ဧရာဝတီတိုင်းမှာ အီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးနည်းစနစ်သင်တန်း တက်ရတဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေ အနေနဲ့ သင်တန်းအတွင်းကိစ္စတွေ၊ အကြောင်းအရာတွေကို ပြင်ပကို ထုတ်မပြောဖို့ သတိပေး တားမြစ်ခံနေရတယ်လို့ စစ်ကောင်စီရဲ့ ပညာရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီက ဇူလိုင်လ ပထမအပတ်က စတင်ပြီး ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးနည်းစနစ်နဲ့ ဆင့်ပွားသင်တန်းတွေကို Non CDM ပညာရေးဌာနက ဆရာ ဆရာမတွေကို ဖွင့်လှစ်ပို့ချနေပြီး သင်တန်းအတွင်းက မဲပေးစက်နဲ့ ပတ်သက်တဲ့ တချို့အကြောင်းအရာတွေကို ပြင်ပမှာ ထုတ်မပြောဖို့ သတိပေးခံရတာလို့ ဆိုပါတယ်။

ပညာရေးဝန်ထမ်းတယောက်က “နိုင်ငံတော်ကို ထိခိုက်စေမယ့် သင်တန်းတက်စဉ်က တချို့ကိစ္စတွေကို ပြင်ပမှာထုတ်မပြောဖို့ သတိပေးခံရတာပါ။ ထွေအုပ်ကနေ တဆင့် ပညာရေးမှူးတွေ၊ ပညာရေးမှူးတွေကနေ ဆရာ၊ ဆရာမတွေကို ပြောပြီး တားမြစ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက Non CDM ပညာရေးဝန်ထမ်းတွေကို အသုတ်လိုက်ခွဲပြီး အပတ်စဉ် ၁ ကနေ စတင် သင်တန်းပေးပြီး အီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးနည်းသင်တန်းကို ဖွင့်လှစ် ပို့ချနေတာဖြစ်ပြီး သင်တန်းအတွင်း အကြောင်းအရာတွေ ပေါက်ကြားမှု ဖြစ်ပေါ်လာပြီးနောက် အခုလို သတိပေးတဲ့အထိ ဖြစ်လာတာလို့ ဆိုပါတယ်။

တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူက “မဲပေးစက်က လိုသလို လုပ်လို့ရတယ်ဆိုတဲ့ အမှန်တရား ထွက်လာပြီးနောက် သတိပေးခံရတာပါ။ သင်တန်းအတွင်းက မလိုအပ်တဲ့ သတင်းတွေ ထပ်ထွက်လာရင် နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့ပါ အရေးယူမယ်လို့ ခြိမ်းခြောက်ခံနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းပေးတဲ့ လုပ်ငန်းကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လ ပထမအပတ်က ဧရာရွှေဝါခန်းမမှာ စတင်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

မဲစာရင်း မှားယွင်းတယ်လို့ အကြောင်းပြပြီး ပြည်သူရွေးကောက်ခံ အရပ်သားအစိုးရထံကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့် နှစ်အစမှာ ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

PDF အပါအဝင် တော်လှန်ရေးတပ်တွေက အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013