
မန်စီးတီးအသင်းက အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဖြစ်ကြောင်း နောက်ခံလူသစ် မာ့ဂေဟီက ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ ခရစ္စတယ်ပဲလေ့ကနေ ပေါင်သန်း ၂၀ နဲ့ မန်စီးတီးဆီ ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာပါ။
အသင်းနဲ့ ပြုလုပ်တဲ့ ပထမဆုံးအင်တာဗျူးမှာ မန်စီးတီးအသင်းက အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း ဖြစ်ပြီး ဒီလိုအကောင်းဆုံးအသင်းရဲ့အစိတ် အပိုင်းတရပ်အဖြစ် ပါဝင်ခွင့်ရရှိတော့မဲ့ အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း ဂေဟီက ပြောပါတယ်။
မိမိအနေနဲ့ ကစားသမားတယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တယောက်အနေနဲ့ပါ ပိုမို တိုးတက်လာချင်ပြီး စီးတီးက အဲဒီလိုဖြစ်အောင်လုပ်ဆောင်နိုင်မဲ့ ပတ်ဝန်းကျင်ကောင်း ရှိတာကြောင့် မိမိအတွက် ပြီးပြည့်စုံတဲ့ နေရာဖြစ်ကြောင်း ဂေဟီက ပြောပါတယ်။
မန်စီးတီးအသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ စတုန်းစ်၊ ဒီယက်ဇ်နဲ့ ဂဗာဒီယိုတို့က ဒဏ်ရာ ရရှိနေတာကြောင့် ဂေဟီကို အဆင်သင့်အသုံးပြုဖို့ ခေါ်ယူလိုက်တာပါ။
အင်္ဂလန်နောက်ခံလူစတုန်းစ်က အခုနှစ်ရာသီမှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့နေရာ အတွက် ဂေဟီက ရေရှည်အစားထိုးမှုဖြစ်ကြောင်းလည်း မီဒီယာတွေက သုံးသပ်ကြပါတယ်။
Photo:Reuters


