
မန်စီးတီးနဲ့ပွဲက ခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့က အဓိကကျကြောင်း မန်ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ မန်စီးတီးနဲ့ ဒါဘီပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဲဒီပွဲစဉ်က ခြေစွမ်းကို စဉ်ဆက်မပြတ် ဆက်ထိန်းသွားနိုင်ဖို့က အောင်မြင်မှုရဖို့အတွက် အဓိကကျကြောင်း ကာရစ်က ပြောသွားတာပါ။
ခြေစွမ်းတသမတ်တည်းရှိဖို့က အောင်မြင်မှုတွေရဖို့အတွက် အဓိကကျပြီး အဲဒီလိုသာ လုပ်ဆောင်နိုင်တဲ့အသင်းက ချန်ပီယံဆုဖလားရရှိမှာဖြစ်ကြောင်း ကာရစ်က ပြောပါတယ်။
ယူနိုက်တက်အနေနဲ့ မန်စီးတီးနဲ့ပွဲစဉ်ကလို စွမ်းဆောင်ရည်မျိုး ပွဲတိုင်း မလုပ်ဆောင်နိုင်တာကို နားလည်လက်ခံထားကြောင်း၊ အသင်းအနေနဲ့ လိုက်နာရမဲ့စံနှုန်းနဲ့ မျှော်လင့်ချက်တွေရှိပြီး ဒါက အသင်းအတွက် စိန်ခေါ်မှုဖြစ်ကြောင်း နည်းပြကာရစ်က ပြောပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲအနိုင်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ကောင်းမွန်လာပြီး အဆင့် ၄ က လီဗာပူးနဲ့ တမှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။


