Home
ဆောင်းပါး
မလုပ်ရဲတာ ဘာမှမရှိတဲ့ မင်းအောင်လှိုင် ဒီမိုကရေစီ
DVB
·
January 19, 2026

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်အုပ်စု အခြေမလှရင် အာဏာသိမ်းပစ်လိုက်ဖို့ မင်းအောင်လှိုင်ကို ရဲဆေး တင်ပေးခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်တယောက် အခုတော့ ထောင်သမံတလင်းပေါ်  ခေါင်းခင်းအိပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ရဲဆေးတင်နေရလေပြီ။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း မင်းအောင်လှိုင်နဲ့ ပါတီ ၃၄ ခု တွေ့ဆုံခဲ့စဉ်က ရိုးရိုးသားသား ရွေးကောက်ပွဲနည်းနာနဲ့မှ စစ်အုပ်စု အစိုးရမဖွဲ့နိုင်ရင် လမ်းမပေါ်တက် ဓားလွတ်ကိုင် ရမ်းပစ်လိုက်ဖို့သက်သက်ခိုင်နဲ့ နိုင်ငံရေးငမိုက်သားတစုက မင်းအောင်လှိုင်ကို မြှောက်ထိုးပင့်ကော်။ အဲဒီမှာ သွေးနားထင် ရောက်သွားတဲ့ မသူတော် မင်းအောင်လှိုင်ရဲ့ လူမိုက်စကားက ဒီနေ့ထိတိုင် ကျော်ကြားခဲ့တယ်။ “မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဂိုဏ်းစတားတယောက်လို မင်းအောင်လှိုင် ဟစ်ကြွေးခဲ့တယ်။

အဲဒီနောက် ၂၀၂၁ ဖေဖော်ဝါရီလမှာ မလုပ်ရဲတာ ဘာမှမရှိကြောင်း မင်းအောင်လှိုင် အာဏာသိမ်းပြ။ အာဏာသိမ်းရဲဖို့ရာ ရဲဆေးတင်ပေးခဲ့တဲ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေကို စစ်ကောင် စီအဖွဲ့ဝင်အဖြစ်နဲ့ သက်သက်ခိုင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် မင်းအောင်လှိုင် မြှောက်စားခဲ့တယ်။

မင်းအောင်လှိုင်က သိပ်လက်တွေ့ကျသူဆိုတော့ ကာလတခုအကြာမှာ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေက ဝန်ကြီးအဆင့်နဲ့တန်းတူ စစ်ကောင်စီအဖွဲ့ဝင်ကနေ အကြံပေးအဖြစ်ကို ချောင်ထိုးလိုက်သလို သက်သက်ခိုင်သည်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်မှာ ပြည်ထောင်စုဝန်ကြီးအဖြစ်ကနေ အနားပေးခံခဲ့ရတယ်။

မာနကြီးတခွဲသားနဲ့ သက်သက်ခိုင်ကတော့ ဝန်ကြီးရာထူးကနေ ပြုတ်တာမဟုတ်ဘဲ ရွေးကောက်ပွဲ ဝင်စရာရှိလို့ နားလိုက်တာလို့ ဆိုတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကြီး သက်သက်ခိုင် အာဏာသိမ်းစစ်တပ် လုပ်မဲ့ ရွေးကောက်ပွဲကို ယုံယုံကြည်ကြည်။ ပြည်သူ့ရှေ့ဆောင်ပါတီ ဒေါင်ဒေါင်မြည် ရွေးကောက်ပွဲဝင်မယ်၊ အမတ်ဖြစ်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်ခဲ့သလားပဲ။ ပြီးတော့ ရွေးကောက်ပွဲအလွန် တရားမဝင်အစိုးရမှာ ပုဝါနှစ်စ ဟန်ပါပါချကာ တကျော့ပြန် ဝန်ကြီးရာထူး ပြန်ရလိမ့်ဦးမယ်လို့လည်း အိပ်မက်မက်ခဲ့ပုံပါ။ အဲဒီလို အိပ်မက်တွေကြောင့်ပဲ ထင်ရဲ့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လာဘ်စားမှုနဲ့ ပြစ်ဒဏ်ကျနေသူပါလို့ မင်းအောင်လှိုင်အကြိုက် သွားပုပ်လေလွင့်။ တော်လှန်ရေးအင်အားစုတွေကိုလည်း ထဘီစွန် တောင်ဆွဲ ကက်ကက်လန် ရန်တွေ့ပြ။

အမတ်လောင်း သက်သေခံကတ် လက်ဝယ်ရရှိပြီးလို့ အမတ်ရူးအိပ်မက် မက်လို့ ကောင်းနေတုန်း စစ်အုပ်စု ထိုးလိုက်တဲ့ ဓားချက်က နောက်ကျောတည့်တည့်စိုက်ဝင်တယ်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) အရ သက်သက်ခိုင်ဟာ ကြွေးနွံနစ်နေသူဖြစ်နေတာကြောင့်လို့ဆိုကာ ရွေးကောက်ပွဲကော်မရှင်က အမတ်လောင်း စာရင်းကနေ ပယ်ဖျက်ခဲ့တယ်။

သက်သက်ခိုင် သိပ်ထောင်နေတာကြောင့် ငါးပြား၊ ဆယ်ပြား အာဏာတောင် ခွဲမပေးချင်တဲ့ စစ်အုပ်စုဝင် ကြံ့ဖွံ့က အကြွေးစာရင်းတွေပြပြီး တိုင်ကြားလိုက်တာလို့ ထင်ရတယ်။ ၄ နှစ်လောက်ကြာ မင်းအောင်လှိုင် ဝန်ကြီး ခန့်ခဲ့သူတယောက်ကို မင်းအောင်လှိုင် မီးစိမ်းပြမှသာ ရွေးကောက်ပွဲကော်မရှင်က အမတ်လောင်းစာရင်းကနေ ရှင်းပစ်ရဲမယ်ဆိုတာလည်း လူတိုင်းသိနေတာပဲ။

မထင်ထားတဲ့ ဓားချက်မို့ သက်သက်ခိုင် အရူးမီးဝိုင်း၊ ငိုကြီးချက်မ။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက် ညမှာ ရွေးကော်ပို့လိုက်တဲ့ အပယ်ခံစာ လက်ခံရရှိပြီး မကြာ အောက်တိုဘာ ၂၄ ရက်မှာပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရွေးကော်ထံ အကြွေးပြဿနာ ကြိုးစားဖြေရှင်းပါ့မယ်ဆိုတဲ့ ခံဝန်နဲ့ အသနားခံစာတင်။ အောက်တိုဘာ ၃၀ ရက်ရောက်တော့ အကြွေးငွေ တစိတ်တဒေသ ကျပ်သိန်း ၅ သောင်း ပြေးဆပ်ပြခဲ့တယ်။

ဒါ့အပြင် မီဒီယာအင်တာဗျူးတခုမှာ သက်သက်ခိုင်က အမတ်လောင်းစာရင်းကနေ ပယ်ဖျက်ခံရသူ ၈၆ ဦးအနက် အသနားခံစာ တင်ထားသူတွေကို ရွေးကော်က ပြန်စဉ်းစားနေရတယ်လို့ သိရကြောင်းနဲ့ အသနားခံသူတွေထဲက တယောက်တည်းကိုပဲ အမတ်လောင်းအဖြစ် ပြန်ခွင့်ပြုခဲ့ရင် အဲဒီတယောက်က သူဖြစ်မလားလို့ မျှော်လင့်မိပါကြောင်း ဂိတ်ဆုံးနေပြီဖြစ်တဲ့ သူ့ရဲ့ အမတ်ရူးအိပ်မက်ကို မရှက်တမ်း ဖွင့်အံခဲ့တယ်။

သိန်း ၅ သောင်းတောင် အကြွေးပြေးဆပ်ပြခဲ့တာဆိုတော့ လျှော်မယ်ဆို လျှော်ပေးလိုက်လို့ ရတဲ့အနေအထား။ ခြံခုန်ကူးခဲ့တဲ့ သက်သက်ခိုင်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုလိုက်လည်း အကြွေးပတ်လည်ဝိုင်းနေသူကြီးအဖြစ် အရှက်ခွဲခဲ့ပြီးသားမို့ ရွေးကောက်ပွဲနိုင်ဖို့ ရာခိုင်နှုန်း သိပ်နည်းနေပြီဆိုပေမဲ့ မင်းအောင်လှိုင်ခေါင်းထဲကနေ သက်သက်ခိုင်ကို လုံးဝဖယ်ထုတ်ပြီးသား မို့ထင်ရဲ့၊ အမတ်လောင်းဖြစ်ခွင့်သည် ပြန်လမ်းမဲ့။

ဘာပဲဖြစ်ဖြစ် သက်သက်ခိုင်မျက်ရည်တွေကို သုတ်ကာ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌအဖြစ် သူ့ပါတီ ရွေးကောက်ပွဲအနိုင်ရရေးအတွက် ဆက်ကြိုးစားတယ်။ စစ်အုပ်စုပေးခဲ့တဲ့ နိုင်ငံရေးအနာတွေကြောင့်များလား။ ၂၀၂၅ ဒီဇင်ဘာလအတွင်း စစ်အုပ်စု အကျိုးဆောင် မီဒီယာတခုနဲ့ တွေ့ဆုံခန်းမှာ စစ်ဗိုလ်ချုပ်တချို့ကို ယူနီဖောင်းချွတ်စေပြီး ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲဝင်ခိုင်းတဲ့အပေါ် သက်သက်ခိုင်က “တပ်မတော်က ဒိုင်လူ ကြီးနေရာမှာနေပြီး ဒိုင်လိုမနေဘဲ ကိုယ့်လူတွေကို နိုင်ငံရေးပါတီတခုထဲ ပို့လွှတ်ပြီး ယှဉ်ပြိုင်ခိုင်းတာက မေးခွန်းထုတ်စရာ ဖြစ်လာတယ်" လို့ ပြောကြားခဲ့တယ်။ ဒါ့အပြင် “တပ်မတော်ကို နိုင်ငံရေးပါတီတခုရဲ့ လက်ကိုင်တုတ်အဖြစ် မမြင်ချင်ဘူး”လို့ ပြောကြားခဲ့ခြင်းက စစ်ဗိုလ်ချုပ်တွေကို ဒေါသူပုန်ထစေခဲ့မှာ သေချာတယ်။

ဆတ်ဆတ်ထိမခံတဲ့ စစ်ကော်မရှင်က ဇန်နဝါရီ ၁၃ ရက်မှာ သက်သက်ခိုင်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုအလုပ်အမှုဆောင် ထက်ထက်လှိုင်တို့ကို ဖမ်းဆီးလိုက်တယ်။ အဲဒီဖမ်းဆီးမှုသတင်း မီဒီယာပလက်ဖောင်းပေါ် မြန်မြန်ဆန်ဆန် ခုန်တက်လာပြီးနောက် ဇန်နဝါရီ ၁၄ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ရွေးကော်ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတခုနဲ့ တွေ့ဆုံခဲ့တာကြောင့် အရေးယူသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ သက်သက်ခိုင်နဲ့ ထက်ထက်လှိုင်တို့ ဗဟန်းမြို့နယ်ထဲက စားသောက်ဆိုင်တ ဆိုင်မှာ ပြည်ပသံရုံးတခုနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ ဆိုတယ်။ ဒီဇင်ဘာ ၁၈ ရက်တွေ့ဆုံမှုကို ဇန်နဝါရီ ၁၃ ရက်မှ ဖမ်းဆီးစစ်ဆေးတာဆိုတော့ သက်သက်ခိုင်ရဲ့ နောက်ထပ်ခြေလှမ်းတွေကို စောင့်ကြည့်နေတာကြောင့် နောက်ကျနေတာများလား။ မင်းအောင်လှိုင် မီးစိမ်းမပြသေးလို့ စောင့်နေရတာကြောင့်လား။ ဒါမှမဟုတ်၊ သက်သက်ခိုင်နဲ့ သံရုံးတွေ့ဆုံမှုကို နောက်ကျပြီးမှ သိရှိခြင်းကြောင့်လား မပြောတတ်။ 

အရေးယူမယ်လို့ ကြေညာပြီး ပြန်လွှတ်လိုက်တာကြောင့် ခံဝန်နဲ့ အကျယ်ချုပ်ပုံစံမျိုး အနီးကပ်စောင့် ကြည့်နေမယ့်ပုံ။ မဲဆွယ်ရာမှာ  ‘၂၀၂၁ အရေးတော်ပုံ’ ဆိုတဲ့စကားလုံး သုံးနှုန်းမိလို့ တရားစွဲခံရတဲ့ ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် အမတ်လောင်း ဦးလွင်မြင့်ကို အာမခံနဲ့ တရားရင်ဆိုင်စေကာ ရွေးကောက်ပွဲလည်း ဝင်ခွင့်ပြု၊ ရွေးကောက်ပွဲ ရှုံးပြီးတော့မှပဲ ထောင်တနှစ်ချလိုက်တာ ဇန်နဝါရီ ၈ ရက်ကမှဆိုတော့ သက်သက်ခိုင်ကိုလည်း အာမခံနဲ့ တရားရင်ဆိုင်ခိုင်းမယ်လို့ ထင်ရတယ်။

စီးပွားရေးအထုပ်အထည် အခိုင်အမာရှိပြီး တော်လှန်ရေးဇ သုညသာရှိတဲ့ သက်သက်ခိုင် ထွက်မပြေးနိုင်တာ သေချာပါလျက် ရွေးကောက်ပွဲပြီးတဲ့အထိတောင် မစောင့်ဘဲ ပါတီဥက္ကဋ္ဌ ယောက်ကို  ဖမ်းဆီးစစ်ဆေး အရေးယူတော့မယ်လို့ ကြေညာခဲ့ခြင်းက မင်းအောင်လှိုင် ဒေါသ ငယ်ထိပ်ရောက်နေပြီလို့ ထင်ရတယ်။ ဒါ့ကြောင့် နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ အထောက်အပံ့ ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကို ရွေးကောက်ပွဲပြီးရင် လုံးဝဖျက်သိမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

အခု အပိုင်း ၂ အထိ ပြီးသွားတဲ့ တရားမဝင်ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့ရှေ့ဆောင်ပါတီဟာ မဲဆန္ဒနယ် တနေရာမှ မနိုင်သေးတဲ့ ပါတီ။ သမိုင်းနဲ့ချီပြောရရင် ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း တနေရာမှ မနိုင်ခဲ့တာကြောင့် ဒီနေ့ထိတိုင် ဘဲဥမကွဲသေးတဲ့ ပါတီပေါ့။ တရားမဝင်ရွေးကောက်ပွဲ အပိုင်း ၃ ကျရင်လည်း မဲဆန္ဒနယ် တနေရာလောက် နိုင်ဖို့တောင် ရာခိုင်နှုန်း နည်းနေလေတော့ အချိုးကျ ကိုယ်စားပြုခွင့်စနစ်အရ အမတ်လေးနည်းနည်း လွှတ်တော်တက်ခွင့်ရတာလောက်ပဲ။

ပြီးတော့ ပါတီဝင်အများစုက ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုတာ စစ်ကောင်စီဝန်ကြီးရဲ့ပါတီ။ စစ်အုပ်စုနဲ့ ပြေလည်မှု ကြီးကြီးမားမားရှိတဲ့ ပါတီတရပ်အဖြစ် ရှုမြင်ကာ အန္တရာယ်မရှိတဲ့ နိုင်ငံရေး ယုံကြည်ချက်အခံနဲ့ ဝင်ရောက်ခဲ့တာကြောင့် ရွေးကောက်ပွဲလည်း မအောင်၊ အန္တရာယ်လည်း ရှိလာပြီဆို ဘယ်သူမှမနေ။ စစ်ကော်မရှင်မဖျက်လည်း သက်သက်ခိုင် ထောင်ထဲဝင်ပြီးသွားရင် တဖြည်းဖြည်း သိမ်ဝင်သွားနိုင်တာကြောင့် သူ့ဘာသာပျက်မဲ့ ပါတီဆိုရင်လည်း မမှား။

သတ်မှတ်ပါတီဝင်အင်အား မပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးခင်မောင်ဆွေ ခေါင်းပေါင်းကြီး လုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ၂၀၂၅ ခု စက်တင်ဘာ ၉ ရက်မှာ စစ်ကော်မရှင် ဖျက်သိမ်းခဲ့တယ်။ NDF ကနေ လွင့်ထွက်လာပြီး အမတ်လုပ်ချင်လို့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ စန္ဒာမင်းအပါအဝင် လူ ၃၀ ကျော် တသီးပုဂ္ဂလ ဝင်ပြိုင်ကြပေမဲ့ အပိုင်း ၂ အထိ နိုင်သူ မရှိ။ ပြီးတော့ အရေးတော်ပုံဆိုတဲ့ အသုံးကြောင့် ထောင်သွင်းအကျဉ်းချခံရတဲ့ ပြည်သူ့ပါတီ ရှုံးနိမ့်အမတ်လောင်း။

နောက်ထပ် သားကောင်အသစ်၊ ဇာတ်ရုပ်အသစ်က သက်သက်ခိုင်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ။ စစ်အုပ်စုကို လာထိပါးရင် စစ်အုပ်စုသားကောင်း ဖြစ်ခဲ့လည်း သားကောင် ဖြစ်သွားနိုင်ကြောင်း စစ်အုပ်စုပြင်ပ နိုင်ငံရေးပါတီတွေကို ပြင်းထန်တဲ့ သတိပေးချက်။ ပြီးတော့ စစ်အုပ်စုလက်ပါးစေမဟုတ်တဲ့ ပါတီတွေကို အခွင့်ရရင် ရသလို ရှင်းထုတ်ပစ်သွားမှာဖြစ်ကြောင်း သတင်းပေးပို့ချက်။

ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့လို မင်းအောင်လှိုင် ထားရာနေ စေရာသွားဘဝနဲ့ အာမချောင်ဘဲ နေနိုင်ရင် နေ။ မနေနိုင်ရင်တော့ သက်သက်ခိုင် ဖြစ်သွားလိမ့်မယ်။ ထောင်ထဲဝင်သွားတော့လည်း စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ထမ်းမခဲ့တဲ့ ခြံခုန်ကူးသူတွေကို နည်းတောင်နည်းသေးတယ်လို့ပဲ ပြည်သူတွေ ကောင်းချီးပေးကြမှာလည်း မမေ့လျော့ကြနဲ့။ မင်းအောင်လှိုင်ကတော့ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ဆက်လက် သက်သေပြပါလိမ့်မယ်။

 လင်းဆက်ငြိမ်းချမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013