
နွေဦးတော်လှန်ရေးသည် ၂၀၂၁ ခုနှစ်တွင် ခေါင်းဆောင်မပါသော အများပါဝင်မှုအားကောင်းသည့် လှုပ်ရှားမှုတခုအဖြစ် စတင်ခဲ့သည်။ Gen Z မျိုးဆက်သစ်လူငယ်များသည် တပ်ဦးမှ တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ကဏ္ဍပေါင်းစုံမှ ပြည်သူများကို တော်လှန်ရေးထဲ ပါဝင်လာအောင် တွဲခေါ်ခဲ့ကြသည်။
လူထုလှုပ်ရှားမှုသည် စစ်တပ်၏ အင်အားအလွန်အကျွံသုံး အကြမ်းဖက်မှုများကို တန်ပြန်ရန်အတွက် ငြိမ်းချမ်းသော ဆန္ဒပြပွဲများမှသည် မျက်နှာစာအမျိုးမျိုးပါဝင်သော ခုခံတွန်းလှန်မှုတခု အသွင်သို့ ပြောင်းလဲ၍ အရှိန်မြှင့်လာခဲ့သည်။ ဤသို့ဖြင့် ‘အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)’ ဟူသည့် နိုင်ငံရေးတပ်ပေါင်းစု တပ်ဦးတခုလည်း အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။
NUCC ကို စုပေါင်းခေါင်းဆောင်မှု၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် အားလုံးပါဝင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှု စသည့် ကတိကဝတ်များဖြင့် ဖွဲ့စည်းခဲ့ကြသည်။ NUCC နှင့် အခြားသော တော်လှန်ရေးဆိုင်ရာ နိုင်ငံရေးဦးဆောင်မှု ယန္တရားများတွင် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ခြင်းသည် သီအိုရီအရ နိုင်ငံရေးကို ဒီမိုကရေစီနည်းလမ်းကျစေပြီး အခွင့်အရေးအခြေပြု ရှုထောင့်များအတွက် အာမခံချက်ရရှိစေကာ တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း မြှင့်တင်ပေးရာ ရောက်စေသည်။ တကယ်တမ်းတွင်လည်း တော်လှန်ရေး၏ ရည်ရွယ်ချက်သည် ဖက်ဒရယ်ဒီမိုကရေစီအပေါ်တွင် အခိုင်အမာ အခြေခံထားသော တိုင်းပြည်သစ်တခုကို တည်ဆောက်ရန် ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ အာဏာဟန်ချက်မညီမှုများက ဤကတိကဝတ်ကို လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲစေသည်။
တော်လှန်ရေး ပလက်ဖောင်းများအတွင်းရှိ စနစ်ပိုင်းဆိုင်ရာ ဟန်ချက်မညီမှုများ
ဆုံးဖြတ်ချက် ချမှတ်မှုများသည် ဒီဖက်တို (de facto) ဗီတိုအာဏာရှိသည့် လွှမ်းမိုးမှုကြီးသော နိုင်ငံရေးအစုအဖွဲ့များကြောင့် နှေးကွေးပြီး မကြာခဏဆိုသလို တုံ့ဆိုင်းနေသည်။ နိုင်ငံရေး စစ်ရေး အစုအဖွဲ့များက တုံ့ဆိုင်းနေချိန် သို့မဟုတ် ကြားနေချိန် သို့မဟုတ် နှုတ်ဆိတ်နေချိန်တွင် ဆုံးဖြတ်ချက်ချမှတ်မှုများသည်လည်း တုံ့ဆိုင်းသွားသည် သို့မဟုတ် ၎င်းတို့ဘက် ယိမ်းယိုင်သွားသည်။ ထိုဖြစ်စဉ်အတွင်း အရပ်ဘက်အဖွဲ့အစည်း (CSO) များသည် အရေးမပါတော့ဘဲ ပထုတ်ခံကြရသည်။
အာဏာဟန်ချက် မညီမျှမှုသည် အမြဲထင်သာမြင်သာ ရှိလှသည်တော့ မဟုတ်ပေ။ ဤပလက်ဖောင်းများသို့ ဝင်ရောက်လာသော အရပ်ဘက်အဖွဲ့အစည်း (CSO) အချို့သည် အာဏာနှင့် နီးစပ်မှုရှိခြင်းသည် ၎င်းတို့အတွက် စစ်မှန်သော လွှမ်းမိုးမှုအာဏာ ရရှိမည်ဟု ယုံကြည်ကြသည်။ သို့သော် လက်တွေ့တွင်မူ ၎င်းတို့သည် တန်းတူပြောရေးဆိုခွင့်မရဘဲ ၎င်းတို့၏ လွတ်လပ် အမှီခိုကင်းမှုကိုပါ မကြာခဏ ဆုံးရှုံးနေကြရသည်။
နိုင်ငံရေးအစုအဖွဲ့များသည် အရပ်ဘက်အဖွဲ့အစည်းများက လွှမ်းမိုးမှုမလုပ်နိုင်ခဲ့သည့် ဆုံးဖြတ်ချက်များအတွက်ပင် သတင်းအချက်အလက် လျှို့ဝှက်ပေးစေလိုကြပြီး အတိုက်အခံပြုသော အမြင်များကို ဟန့်တားကာ စုပေါင်းတာဝန်ယူမှုပေးရန် တောင်းဆိုကြသည်။ ဤသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို ထိန်းသိမ်းရန် အခန်းကဏ္ဍမှ ပါဝင်သည့် အရပ်ဘက်အဖွဲ့အစည်းများအတွက် ဆန့်ကျင်ဘက်ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုသို့သော အရပ်ဘက်အဖွဲ့အစည်းများကို သီးခြားလွတ်လပ်သော အရပ်ဘက် လူမှုအသိုင်အဝိုင်း အစုအဖွဲ့များအဖြစ် မမြင်ကြတော့ဘဲ သက်ဆိုင်ရာ ပလက်ဖောင်းများ၏ ခြေတံလက်တံများအဖြစ်သာ ရှုမြင်လာကြမည်။ တဖက်တွင် နိုင်ငံရေး အစုအဖွဲ့များကလည်း ၎င်းတို့ကို တန်းတူနိုင်ငံရေးအဖွဲ့များအဖြစ် အသိအမှတ် မပြုကြချေ။ ဤသို့ဖြင့် ၎င်းတို့၏အသံများ မှေးမှိန်လာပြီး ၎င်းတို့အပေါ် ယုံကြည်အားထားနိုင်မှုလည်း ဝေဝါးလာသည်။
ဤသို့ဖြစ်လာခြင်းသည် အရပ်ဘက်အဖွဲ့အစည်းများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကျရှုံးမှုတခု မဟုတ်ပါ။ စနစ်ပိုင်းဆိုင်ရာ ပြဿနာတခုသာ ဖြစ်သည်။
‘အတွင်းစည်းထဲ’ ရောက်သွားခြင်းက အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ထိခိုက်စေသည်
အရပ်ဘက်အဖွဲ့အစည်းများ၏ အဓိကအခန်းကဏ္ဍမှာ အုပ်ချုပ်ရန် သို့မဟုတ် အမိန့်ပေးရန် မဟုတ်ပါ။ မေးခွန်းထုတ်ရန်၊ စောင့်ကြည့်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု တောင်းဆိုရန်နှင့် သွေးစည်းညီညွတ်မှုရှိအောင် စည်းရုံးရန် ဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ အာဏာသည် ၎င်းတို့၏ သီးခြားလွတ်သော အမှီအခိုကင်းသော ရပ်တည်မှုနှင့် ခွင့်ပြုချက်မယူ အချိန်မဆွဲဘဲ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနိုင်သည့်အစွမ်းမှ ဆင်းသက်လာသည်။
အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်သည့် ယန္တရားများတွင် ခြေကျွံသွားသောအခါ ၎င်းတို့၏ လွတ်လပ် အမှီအခိုကင်းမှု လုံးပါး ပါးလာသည်။ သတင်းအချက်အလက်ရရှိရန် အလဲအလှယ်အနေဖြင့် နှုတ်ဆိတ်ပေးလိုက်ရသည်။ ပူးပေါင်းပါဝင်ခွင့်ရရန် အတိုက်အခံပြုခြင်းကို စွန့်လွှတ်လိုက်ရသည်။ လွှမ်းမိုးမှု ဟူသည်မှာ စာရွက်ပေါ်တွင်သာ ကျန်တော့သည်။
ဤသို့ အလဲအလှယ် လုပ်လိုက်ခြင်းသည် လက်တွေ့အကျိုးဆက်များ ရှိသည်။ Non-CDM များနှင့် ပတ်သက်သော မူဝါဒများကဲ့သို့ လူ့အခွင့်အရေး သို့မဟုတ် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အခြေခံမူများအား ချိုးဖောက်သည့် မူဝါဒများ ချမှတ်ရန် အဆိုတင်သွင်းကြသောအခါ NUCC ထဲတွင်ပါသော CSO များသည် တဖွဲ့ချင်းစီအရ သဘောမတူကြသူများ ရှိနိုင်သည့်တိုင် ထိုမူဝါဒများကို အတည်ပြုပြီးသောအခါ အစုအဖွဲ့တခုအနေဖြင့် မဖြစ်မနေ စုပေါင်းတာဝန်ခံကြရမည် ဖြစ်သည်။
နောက်ပိုင်းတွင် ထိုမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် သက်သောင့်သက်သာ မဖြစ်ခဲ့ကြောင်း သို့မဟုတ် ဆန့်ကျင်ဘက် သဘောထားရှိခဲ့ကြောင်း ဆိုကြလျှင်လည်း ပါဝင်ပတ်သက်နေခဲ့ပြီးသား ဖြစ်နေလိမ့်မည်။
တဖက်တွင်မူ ဤယန္တရားများပြင်ပရှိ လွတ်လပ် အမှီအခိုကင်းသော အဖွဲ့အစည်းများသည် ထိုသို့သော အစီအမံများကို တုံ့ဆိုင်းစရာမလိုဘဲ သို့မဟုတ် ဝိရောဓိဖြစ်စရာမလိုဘဲ ချက်ချင်း လူသိရှင်ကြား ထုတ်ဖော် ဆန့်ကျင်နိုင်သည်။
ဤခြားနားချက်က အရေးကြီးသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် တော်လှန်ရေး၏ ကျင့်ဝတ်နှင့် နိုင်ငံရေးဂုဏ်သိက္ခာကို ကာကွယ်ပေးရန်ဖြစ်ပြီး တော်လှန်ရေး၏ နိုင်ငံရေးသည် တော်လှန်ရေးက စွဲကိုင်ထားသော လူ့အခွင့်အရေး စံနှုန်းများနှင့် ဆန့်ကျင်လာသောအခါ ထုတ်ဖော်ပြောဆိုရန် ဖြစ်သည်။
အတွင်းလူ အပြင်လူ ဒွိဟ
တရားဝင် ဦးဆောင်ယန္တရားများထဲတွင် ရှိနေမှသာ တကယ်တမ်း လွှမ်းမိုးမှု ပြုလုပ်နိုင်သည်ဟူသည့် ယုံကြည်မှုတခု အမြဲရှိလာခဲ့သည်။ ငါကိုယ်တိုင် မပါဝင်နိုင်ပါက မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်ကြလိမ့်မည် ဟူသည့် ကြောက်စိတ်၊ သို့မဟုတ် သတင်းအချက်အလက်နှင့် လွှမ်းမိုးနိုင်မှု ဩဇာရှိသော နေရာတခုတွင် ငါမပါဘဲ ကျန်နေခဲ့လိမ့်မည် ဟူသည့် ကြောက်စိတ်တို့က ဤယုံကြည်မှု ပိုမိုခိုင်မာအောင် တွန်းအားပေးနေသည်။ သို့သော် တကယ်တမ်းတွင် လွှမ်းမိုးမှုဟူသည် ပုံစံအမျိုးမျိုးဖြင့် ရှိနေနိုင်သည်။
တရားဝင် နိုင်ငံရေးယန္တရားများ၏ ပြင်ပတွင် ရှိနေခြင်းသည် ဩဇာအာဏာနှင့် အလှမ်းဝေးစေသည်မှာ မှန်သော်လည်း ပိုမိုလွတ်လပ်မှု ရှိစေသည်။ CSO များသည် သတင်းအချက်အလက်ကို နောက်ကျမှသာ ရကောင်းရနိုင်သည်၊ သို့သော် ၎င်းတို့သည် ထိုအချက်အလက်များကို လေ့လာသုံးသပ်ခြင်း၊ ဝေဖန်မေးခွန်းထုတ်ခြင်းနှင့် မျှဝေခြင်းတို့ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။
၎င်းတို့သည် အဖွဲ့တွင်း နိုင်ငံရေးအတွင်းစည်း စောင့်ထိန်းခြင်းနှင့် ဆက်စပ်သော အကန့်အသတ်များမရှိဘဲ အများနှင့် ပိုမိုကျယ်ပြန့်သော ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခြင်း၊ လူထုနှင့် ထိတွေ့လုပ်ဆောင်ခြင်း၊ နိုင်ငံတကာနှင့် သွေးစည်းညီညွတ်မှု တည်ဆောက်ခြင်း စသည်တို့ ဆောင်ရွက်နိုင်သည်။ လိုအပ်ပါကလည်း စောင့်ကြည့်သူများအဖြစ် ဆောင်ရွက်နိုင်သည်။
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မိမိတို့အတွက် ထိရောက်မှုအရှိဆုံး နေရာသည် မည်သည့်နေရာ ဖြစ်သည်ကို ပြန်လည် မေးခွန်းထုတ်ရန် လိုအပ်သည်။
တော်လှန်ရေး ရေစီးကြောင်းတွင် ပြင်ပမှနေ၍ မူအပေါ်အခြေခံသည့် ထင်သာမြင်သာရှိသော စုပေါင်းဖိအားပေးမှု ပြုလုပ်နိုင်သည့် အစွမ်းသည် အတွင်းစည်းထဲတွင်နေပြီး အပယ်ခံအဖြစ်မျိုး ရောက်နေရသည့် အခြေအနေထက် ပို၍ အရာထင်နိုင်သည်။
အရပ်ဘက်အဖွဲ့အစည်းများအတွက် ကိုယ်ပိုင်ပလက်ဖောင်းတခု ဘာကြောင့်လိုအပ်သလဲ
မြန်မာ့တော်လှန်ရေးတွင် ပျောက်ဆုံးနေသောအရာမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု မဟုတ်ပါ။ အရပ်ဘက်အဖွဲ့အစည်းများအကြား စစ်မှန်သော ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။
CSO များသည် မှတ်တမ်းတင်ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဂျန်ဒါ တရားမျှတမှု၊ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ နိုင်ငံရေးစည်းရုံးလှုံ့ဆော်ရေး စသည့် ကဏ္ဍအသီးသီးတွင် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေကြသည်။ သို့သော် ဤကြိုးပမ်းဆောင်ရွက်ချက်များကို ဗျူဟာကျကျ စုစည်းပေးနိုင်သည့် CSO အားလုံးနှင့် သက်ဆိုင်သောပလက်ဖောင်း တခုမျှမရှိပေ။
အရပ်ဘက်အဖွဲ့အစည်းများ စုစည်းရာ ပလက်ဖောင်းတခုသည် နိုင်ငံရေး သို့မဟုတ် စစ်ရေး ခေါင်းဆောင်မှုကို အစားထိုးမည့် အရာတခုမဟုတ်ဘဲ ဖြည့်စွက်ပေးမည့်အရာသာ ဖြစ်သည်။ ထိုသို့သော ပလက်ဖောင်းတခုသည် CSO များကို -
-နိုင်ငံရေးနှင့် လက်နက်ကိုင် အစုအဖွဲ့များအပေါ် အပြန်အလှန် စုပေါင်းထိန်းကျောင်းမှု ပြုလုပ်နိုင်စေသည်။
-လျင်မြန်စွာ ပြောင်းလဲနေသော ဒေသတွင်းနှင့် နိုင်ငံတကာ အခင်းအကျင်းများကို စုပေါင်းဆန်းစစ်သုံးသပ်မှု ပြုလုပ်နိုင်စေသည်။
-တော်လှန်ရေးနှင့် ပတ်သက်သော အရေးပေါ်ကိစ္စများတွင် ဘုံရပ်တည်ချက် ထုတ်ဖော်ပြသနိုင်စေသည်။
-စည်းရုံးလှုံ့ဆော်ရေး၊ အများပြည်သူကို သတင်းစကားပေးရေး၊ နိုင်ငံတကာနှင့် ထိတွေ့ဆောင်ရွက်ရေးအတွက် စုပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်စေသည်။
-မိမိ၏ သီးခြားလွတ်လပ်မှုကို ကာကွယ်ထားသည့် တချိန်တည်းတွင် စုပေါင်းလွှမ်းမိုးမှုကိုလည်း ပိုမိုချဲ့ထွင်နိုင်စေသည်။
ရာထူးစဉ်စနစ်ကို တန်ပြန်ရန် ကြိုးပမ်းသည့် ပလက်ဖောင်းတခု ဖြစ်သည့်အလျောက် ဤပလက်ဖောင်းထဲတွင် ထက်အောက်ရာထူးစဉ်စနစ် မရှိအောင်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီမံထားရမည်။ ခေါင်းဆောင်မှုသည် စုပေါင်းမှု၊ အပြန်အလှန်ပံ့ပိုးမှု၊ အလှည့်ကျ ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုအပေါ် အခြေခံသင့်သည်။ ဆုံးဖြတ်ချက်ချမှတ်မှု ပုံစံသည် တသွေးတသံတည်း ဖြစ်ခြင်းထက် ရှင်းလင်းမှုရှိခြင်းကို ဦးစားပေးသင့်သည်။ မည်သည့် အဖွဲ့အစည်းတခု သို့မဟုတ် အဖွဲ့အစည်းတစုကမှ ကြီးစိုးထားခြင်း မဖြစ်ရန် လိုအပ်သည်။ ရည်ရွယ်ချက်မှာ အရပ်ဘက်အဖွဲ့အစည်းများကြား ဗဟိုချုပ်ကိုင်မှုပုံစံ တည်ဆောက်ရန်မဟုတ်ဘဲ ထိန်းညှိမှု ပြုလုပ်ရန်သာ ဖြစ်သည်။
အတွေ့အကြုံကောင်းများမှ သင်ခန်းစာယူခြင်း
လွတ်လပ်အမှီအခိုကင်းသော အရပ်ဘက်အဖွဲ့အစည်းများ၏ စွမ်းအားဖြင့် မည်သည့်အရာများကို ရယူဆွတ်ခူးနိုင်ခဲ့ကြောင်း သာဓကများစွာ ရှိခဲ့ပြီးဖြစ်သည်။
လွတ်လပ်အမှီအခိုကင်းသော အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွက် အစားထိုး ဥပဒေမူကြမ်းတခု ရေးဆွဲသည့် ဖြစ်စဉ်သည် သာဓကတခု ဖြစ်သည်။ ထိုဥပဒေကို ကျယ်ပြန့်သော ဆွေးနွေးတိုင်ပင်မှု၊ လူထုစည်းရုံးလှုံ့ဆော်မှုနှင့် တော်လှန်ရေး အာဏာပိုင်အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာသော ထိတွေ့ဆောင်ရွက်မှုများမှတဆင့် ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ဆောင်ရွက်နိုင်ရသည့် အဓိကအကြောင်းရင်းမှာ အရပ်ဘက်အဖွဲ့အစည်းများသည် အဖွဲ့တွင်း သတင်းလျှို့ဝှက်မှု သို့မဟုတ် နိုင်ငံရေးသစ္စာခံမှုဆိုင်ရာ တုပ်နှောင်မှုများ မရှိသောကြောင့် ဖြစ်သည်။ ဤနည်းလမ်းသည် လူထုကို တိုက်ရိုက်စည်းရုံးပြီးမှ အာဏာပိုင်များနှင့် ရင်ပေါင်တန်း စကားပြောသည့်နည်းလမ်း ဖြစ်သည်။
အလားတူ မကြာသေးမီက ဖွဲ့စည်းခဲ့သော အဖွဲ့ ၁၉ ဖွဲ့ပါ လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်အဖွဲ့သည် NUCC ကဲ့သို့ စုဖွဲ့မှုပိုကြီးသည့် ဦးဆောင်နိုင်ငံရေးယန္တရားများထံမှ ခွင့်ပြုချက်မစောင့်ဘဲ တော်လှန်ရေး၏ လတ်တလော လိုအပ်ချက်နှင့်အညီ စီမံဆောင်ရွက်သည့်အခါ ဖြစ်မြောက်လာနိုင်သည့် အရာများကို လှစ်ဟဖော်ပြနေသည်။
အရပ်ဘက်အဖွဲ့အစည်းနှင့် လူ့အခွင့်အရေးနောက်ခံရှိသော လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်အများစုက ဦးဆောင်သည့် ဤအစုအဖွဲ့များသည် ရှိပြီးသား နိုင်ငံရေးယန္တရားများကို အစားထိုးရန် မရည်ရွယ်သလို ဖွဲ့စည်းရန်လည်း ၎င်းတို့ထံမှ ခွင့်ပြုချက် မရယူခဲ့ပေ။
၎င်းတို့၏ တရားဝင်မှုသည် ၎င်းတို့၏ လက်တွေ့ဆောင်ရွက်မှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနှင့် ရည်ရွယ်ချက် ရှင်းလင်းပြတ်သားမှုမှ ဆင်းသက်လာသည်။
CSO များ၏ အစွမ်းအစကို ပြသရန်နှင့် မတူကွဲပြားစွာ ထိတွေ့ဆက်ဆံရန် တောင်းဆိုခြင်း
လွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းများအတွက် ညှိနှိုင်းဆွေးနွေးမှု ပလက်ဖောင်းတခု လိုအပ်ကြောင်း ဦးဆောင် CSO အစုအဖွဲ့များကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းကတည်းက မိမိ အဆိုပြုခဲ့သော်လည်း တစုံတရာ ရလဒ်မထွက်လာခဲ့ချေ။
ထိုသို့သော ပလက်ဖောင်းတခု ဖြစ်ပေါ်လာရန် တောင်းဆိုခြင်းသည် တော်လှန်ရေး၏ နိုင်ငံရေးဗဟိုချက်မနှင့် ထိတွေ့ဆက်ဆံမှု မလုပ်တော့ရန် တိုက်တွန်းခြင်း မဟုတ်ပါ။ မတူညီသောပုံစံနှင့် ထိတွေ့ဆက်ဆံရန် တိုက်တွန်းခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ကို အခြေခံ၍ ပြန်လည်စုစည်းကြရန်နှင့် အရပ်ဘက်အဖွဲ့အစည်း၏ အားသာချက်ကို အခြေခံ၍ တစုတစည်းတည်း ပြန်လည်စုရုံးကြရန် တိုက်တွန်းခြင်း ဖြစ်သည်။
တော်လှန်ရေးသည် အချင်းချင်းကြား ပြန်လည်တိုက်ခိုက်ခံရမည်ကို စိုးရွံ့စရာမလိုဘဲ ထုတ်ဖော်ပြောဆိုနိုင်စွမ်းရှိသည့် CSO များ လိုအပ်သည်။ ရှိပြီးသား အထက်အောက် ရာထူးစဉ်စနစ်ထဲတွင် ပိတ်မိမနေသည့် မဟာမိတ်တပ်ပေါင်းစု အသစ်များကို အားပေးပံ့ပိုးနိုင်သည့် CSO များ လိုအပ်သည်။ မည်သည့် လက်နက်ကိုင်၊ နိုင်ငံရေး၊ နိုင်ငံတကာ အစုအဖွဲ့များကိုမဆို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ဆောင်နိုင်သည့် CSO များ လိုအပ်သည်။
အရပ်ဘက်အဖွဲ့အစည်းများသည် တော်လှန်ရေး အနိုင်ရရေးနှင့် တော်လှန်ရေးအလွန် အနာဂတ်တခုကို ပုံဖော်ထုဆစ်နိုင်ရေး ခိုင်မာသော ဆန္ဒရှိကြသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာ မရှိပါ။ ယခုလုပ်ရမည့်အရာမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ စစ်မှန်သော သရုပ်လက္ခဏာများ ဖြစ်သည့် လွတ်လပ်အမှီအခိုကင်းမှု၊ အားလုံးပါဝင်နိုင်မှု၊ မူအပေါ်အခြေခံမှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပဓာနကျမှု စသည်တို့ကို ထင်ဟပ်ပေးနိုင်သည့် ပလက်ဖောင်းတခု တည်ဆောက်ရန် ဖြစ်သည်။
ခင်ဥမ္မာ


