Home
ဆောင်းပါး
ရိုဟင်ဂျာ ဂျီနိုဆိုက်အမှုအကြောင်း ဘာတွေ သိထားဖို့လိုမလဲ 
DVB
·
January 13, 2026

နယ်သာလန်နိုင်ငံ၊ သဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ ဇန်နဝါရီ ၁၂ ရက် တနင်္လာနေ့မှာ ကြားနာမှုတွေကို စတင်လိုက်ပါပြီ။ ရိုဟင်ဂျာ လူနည်းစုအပေါ် ဂျီနိုဆိုက် ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုစတင်တင်သွင်းပြီး ၆ နှစ်ကျော်ကြာမှ အခုလို စတင်နိုင်တာလည်း ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံက ၂၀၁၉ နိုဝင်ဘာလတုန်းက ကုလသမဂ္ဂ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာပါ။ ၁၉၄၈ ခုနှစ် ဂျီနိုဆိုက် တားဆီးရေးဆိုင်ရာ ကွန်ဗင်းရှင်း (Genocide Convention) ကို ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် မီးရှို့၊ မုဒိမ်းကျင့်၊ လူသတ်မှုတွေ ကျူးလွန်ခဲ့ပြီး လူ ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ မြန်မာနိုင်ငံကို စွပ်စွဲထားပါတယ်။ နောက်တနှစ်မှာ ထွက်လာတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ အဲဒီတုန်းက လူ ၁၀,၀၀၀ လောက် သေဆုံးခဲ့နိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။

ဒီအမှုဟာ ကမ္ဘာ့နေရာအနှံ့မှာ မြန်မာစစ်တပ်အပေါ် တရားစွဲထားတဲ့ အမှုပေါင်းများစွာထဲက တခုဖြစ်ပေမဲ့ ပထမဆုံးအကြိမ် ကြားနာမှု စတင်တဲ့ အမှုဖြစ်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)ရဲ့ နိုင်ငံတကာတရားမျှတမှုဆိုင်ရာ အကြီးတန်းဥပဒေအကြံပေး မာရီယာအယ်လီနာဗစ်နိုလီက "ရိုဟင်ဂျာ အသိုက်အဝန်းက သားကောင်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ဒါဟာ မယုံနိုင်စရာကောင်းလောက်အောင် အရေးပါတဲ့ တိုးတက်မှုပါပဲ။ တရားမျှတမှုရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ မမောမပန်း တွန်းအားပေးခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကြံ့ခိုင်မှုကို ပြသလိုက်တဲ့ သက်သေပဲ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

“ဒါဟာ သမိုင်းဝင် အမှုကြီးတခု ဖြစ်သလို၊ ဒီသမိုင်းဝင်အမှုရဲ့ အလွန်အရေးပါတဲ့ ဖြစ်ထွန်းမှု တစ်ခုပါ” လို့လည်း သူက ဆိုပါတယ်။

ICJ တရားရုံးက အခုချိန်ထိ ဘာတွေလုပ်ခဲ့လဲ

နိုင်ငံတကာ ဥပဒေပညာရှင်တွေကတော့ ဒီလိုအမှုမျိုးက ကြားနာစစ်ဆေးတဲ့ အဆင့်ရောက်ဖို့ နှစ်နဲ့ချီ ကြာတတ်တာ သဘာဝပဲလို့ ဆိုပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ ခရစ်စီဒိုတီက "အမှုမစစ်ဖြစ်အောင် အချိန်ဆွဲတဲ့ နည်းလမ်းပေါင်းစုံ သုံးကြတာပါပဲ။ စစ်တပ်ကလည်း အဲဒီအတိုင်း လုပ်ခဲ့တာ တွေ့ရတယ်။ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ကန့်ကွက်လိုက်၊ အချိန်တိုးပေးဖို့ တောင်းလိုက်နဲ့ပေါ့။ တရားရုံးကလည်း ဒီလို ဉာဏ်ဆင်တာတွေကို အတော်လေး စိတ်ရှည်ပေးခဲ့ပါတယ်" လို့ ပြောပါတယ်။

မြန်မာဘက်ကတော့ တရားရုံးဆီကနေ အချိန်တိုးတောင်းတာတွေ အကြိမ်ကြိမ် လုပ်ခဲ့သလို၊ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့် မရှိဘူး ဆိုတဲ့ အချက်၊ ဂမ်ဘီယာမှာ တရားစွဲခွင့် မရှိဘူး ဆိုတဲ့အချက်‌တွေကို အကြောင်းပြပြီး ကန့်ကွက်လွှာတွေ တင်ခဲ့ပါသေးတယ်။

၂၀၁၉ ဒီဇင်ဘာတုန်းက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားရုံးအထိသွားပြီး နိုင်ငံကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ အဲဒီတုန်းက စွပ်စွဲချက်တွေဟာ "ပြည့်စုံမှုမရှိဘူး၊ မမှန်ကန်ဘူး" လို့ သူကတင်ပြခဲ့ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သူ့ဘဝတလျှောက်လုံး ဖိနှိပ်ခဲ့တဲ့ စစ်တပ်ဘက်ကနေ ကာကွယ်ပေးခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ စစ်တပ်ကတော့ ၂၀၂၁ မှာ သူ့ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရဆီကနေ အာဏာသိမ်းပြီး သူ့ကို ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။ ICJ ကလည်း မြန်မာဘက်က ကနဦး ကန့်ကွက်ချက်တွေကို နောက်တနှစ်မှာ ပယ်ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက်စလုံးက သူတို့ရဲ့ အဓိက လျှောက်လဲချက်တွေကို စာနဲ့ရေးသား ပေးပို့ထားကြပြီး ဖြစ်ပါတယ်။

ကြားနာပွဲမှာ ဘာတွေ ဖြစ်လာမလဲ

၂၀၂၅ ဒီဇင်ဘာလတုန်းက တရားရုံးက ကြားနာစစ်ဆေးမဲ့ ရက်တွေကို ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ကနေ ၂၉ အထိ ၁၄ ရက် ကြာမှာပါ။ ပထမ ၇ ရက်မှာ ၂ နိုင်ငံစလုံးက အဖွင့် လျှောက်လဲချက်တွေပေးကြပါမယ်။ ဒါကို တိုက်ရိုက် ထုတ်လွှင့်ပြသမှာပါ။ နောက် ၃ ရက်အကြာမှာတော့ သက်သေတွေနဲ့ ကျွမ်းကျင်သူတွေ ထွက်ဆိုကြပါမယ်။ နောက်ဆုံးမှာ နှစ်ဖက်စလုံးက နောက်ထပ် ၂ ရက်စီ လျှောက်လဲချက် ပေးကြဦးမှာ ဖြစ်ပါတယ်။

စီဒိုတီကတော့ ဒီကြားနာပွဲတွေဟာ "အမှုကို အဆုံးအဖြတ်ပြုမဲ့ အဓိကအကြောင်းအရာ" (Guts of the case) ကို ကိုင်တွယ်မဲ့ အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံစီက သူတို့ရဲ့ အကြောင်းပြချက်တွေကို တင်ပြလျှောက်လဲပြီး တဖက်လူရဲ့ ပြောဆိုချက်တွေကို တရားသူကြီးတွေရှေ့မှာ ချေပကြမဲ့ ပွဲဖြစ်ပါတယ်။

စာရွက်စာတမ်းနဲ့ တင်ပြပြီးသား ဖြစ်ပေမဲ့ ဒီလို လူကိုယ်တိုင် ကြားနာတာက စာရွက်ပေါ်မှာ မပါနိုင်တဲ့ အနှစ်သာရတွေကို ဖြည့်ဆည်းပေးတယ်လို့ ဗစ်နိုလီက ပြောပါတယ်။

"တရားသူကြီးတွေက အမှုရဲ့ အမှားအမှန် အဆုံးအဖြတ် (Merits) နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးနဲ့ အပြန်အလှန် ဆွေးနွေးခွင့်ရမယ်။ သက်သေတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ အသံကို တိုက်ရိုက် ကြားနာခွင့်ရမယ်။ ဒါဟာ အင်မတန်မှကို အရေးကြီးပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဂမ်ဘီယာဘက်ကတော့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို သက်သေထွက်ဆိုဖို့ အသက်ရှင်ကျန်ရစ်သူ ရိုဟင်ဂျာ အရေအတွက် တော်တော်များများကို ခေါ်လာဖို့ ရှိပါတယ်။

"ဂမ်ဘီယာရဲ့ လျှောက်ထားချက်ကို ကြည့်ရင် ရိုဟင်ဂျာတွေ အသတ်ခံရတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေအပြင် လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူမျိုးစုတခုလုံး ပျက်စီးသွားအောင် ဘယ်လို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးလဲ ဆိုတာတွေနဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး စနစ်တကျ ချိုးဖောက်ခံရတာတွေကိုပါ သက်သေတွေက ထွက်ဆိုကြဖို့ ရှိပါတယ်" လို့ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ - NGO) မှ ကိတ် ဗစ်နက်စ်ဝါရန်က သုံးသပ်ပါတယ်။

"ဒီလုပ်ရပ်တွေက ကလေးတွေအပေါ် ဘယ်လို အထူးသက်ရောက်မှုရှိလဲ ဆိုတာတွေကိုလည်း ကြားရဖို့ ရှိပါတယ်" လို့ သူက ဆိုပါတယ်။

ဒီကြားနာမှုက ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နိုင်လဲ

ပညာရှင်တွေကတော့ ဂမ်ဘီယာက မြန်မာကို စွဲတဲ့ အမှုဟာ တခြားအမှုတွေအတွက်လည်း စံနမူနာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ - ၂၀၂၃ တုန်းက ဂါဇာက စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး တောင်အာဖရိကက အစ္စရေးကို ICJ မှာ တရားစွဲထားတဲ့ အမှုလိုမျိုးပေါ့။

ဂမ်ဘီယာလိုပဲ တောင်အာဖရိကဟာလည်း သူတို့ကိုယ်တိုင် တိုက်ရိုက် ထိခိုက်နစ်နာမှု မရှိဘဲ ဝင်ပြီး တရားစွဲပေးတာ ဖြစ်ပါတယ်။

"အစ္စရေးဟာလည်း ဂျီနိုဆိုက်ကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး ICJ ကို ရောက်နေတာပါ။ ဒီအမှုမှာ တရားရုံးက ဆုံးဖြတ်မဲ့ ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် တချို့က နောက်လာမဲ့ အမှုတွေအတွက် သက်ရောက်မှု ရှိနိုင်ပါတယ်" လို့ စီဒိုတီက ပြောပါတယ်။

နောက်တခုက ICJ ဆုံးဖြတ်ချက်ဟာ ၂၀၂၁ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖမ်းဝရမ်း အထုတ်ခံရနိုင်ခြေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကို သည်ဟိဂ်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံး (ICC) ကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးနေပါတယ်။ ICC နဲ့ ICJ မတူတာက ICJ က နိုင်ငံတွေကို တရားစီရင်တာ ဖြစ်ပြီး၊ ICC ကတော့ လူပုဂ္ဂိုလ် တဦးချင်းစီကို ရာဇဝတ်မှုနဲ့ အရေးယူတာပါ။ ၂၀၂၄ တုန်းက ICC ရှေ့နေချုပ်က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။ ICJ ကသာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ကြောင်း အမိန့်ချလိုက်ရင်၊ ICC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ရာမှာ လွှမ်းမိုးမှု ရှိလာနိုင်တယ်လို့ စီဒိုတီ က သုံးသပ်ပါတယ်။ ဒီနှစ်ကုန်လောက်မှာ ICJ က ဂမ်ဘီယာနဲ့ မြန်မာအမှုအတွက် အမိန့်ချနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

တရားရုံးက ဘယ်လို အမိန့်တွေ ချနိုင်လဲ

တကယ်လို့ မြန်မာဘက်က အပြစ်ရှိတယ်လို့ တွေ့ရှိရင် ICJ က အမိန့်အမျိုးမျိုး ချမှတ်နိုင်ပါတယ်။ အရင်တုန်းကတော့ အလားတူ အမှုမျိုးတွေမှာ ယေဘုယျဆန်တဲ့ အမိန့်မျိုးတွေပဲ ချလေ့ရှိတယ်လို့ ဗစ်နက်စ်ဝါရန် က ပြောပါတယ်။

ဂမ်ဘီယာကတော့ ကျူးလွန်သူတွေကို လွတ်လပ်တဲ့ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးအရေးယူပေးဖို့နဲ့ လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ အများစု ငြင်းပယ်ခံထားရတဲ့ နိုင်ငံသား ပြန်ပေးဖို့၊ ထွက်ပြေးသွားသူတွေကို ဘေးကင်းကင်းနဲ့ ပြန်လာခွင့်ပေးဖို့လည်း ပါဝင်ပါတယ်။

နောက်ထပ် ဒီလိုပြစ်မှုမျိုး ထပ်မကျူးလွန်ကြောင်း အာမခံချက် ပေးဖို့လည်း မြန်မာကို အမိန့်ချမှတ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။ ဒါဖြစ်လာဖို့ ဆိုရင်တော့ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ အစိုးရကို အကြီးစားပြုပြင်ပြောင်းလဲမှုတွေ လုပ်မှရမဲ့အနေအထား ဖြစ်ကြောင်း ဗစ်နက်စ်ဝါရန်က သုံးသပ်ပါတယ်။ 

တရားရုံးအနေနဲ့ သားကောင်တွေကို ငွေကြေးအရ လျော်ကြေးပေးဖို့ အမိန့်ချနိုင်ပေမဲ့၊ အရင် ဂျီနိုဆိုက် အမှုတခုမှာတော့ ဒီတောင်းဆိုချက်ကို ပယ်ချခဲ့ဖူးပါတယ်။

"ICJ ရဲ့ စီရင်ချက်တွေ အားလုံးလိုလိုပါပဲ၊ အကောင်အထည်ဖော်နိုင်မလား ဆိုတာကတော့ နိုင်ငံရေးဆန္ဒနဲ့ နိုင်ငံတကာ ဖိအားတွေအပေါ်မှာ မူတည်နေပါတယ်" လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံကို ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီး သွေးစွန်းတဲ့ ပြည်တွင်းစစ် စတင်ကတည်းက သူ့ပြည်သူအပေါ်မှာတင် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ဆက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

ICJ ဆိုတာ ကုလသမဂ္ဂရဲ့ ထိပ်သီး တရားရုံး ဖြစ်တဲ့အတွက် သူ့အမိန့်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြစ်တယ်လို့ စီဒိုတီက ပြောပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို အကာအကွယ်ပေးပြီး မြန်မာကို ဘက်ပေါင်းစုံ ပိတ်ဆို့အရေးယူမဲ့ ဆုံးဖြတ်ချက်တွေကို တားဆီးနေသမျှ ကာလပတ်လုံး လုံခြုံရေးကောင်စီက ICJ အမိန့်တွေကို စစ်ကောင်စီအပေါ် အတင်းအကျပ် သက်ရောက်စေဖို့ မဖြစ်နိုင်သလောက်ပါပဲ။

"လုံခြုံရေးကောင်စီကတော့ လုပ်သင့်တာ လုပ်ရမှာပေါ့၊ ဥပဒေအရ တာဝန်ရှိတာကိုး။ ဒါပေမဲ့ သူတို့ လုပ်မယ်လို့တော့ ကျနော်မထင်ဘူး။ ကျနော်မျှော်လင့်တာကတော့ ICJ က မြန်မာစစ်တပ် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ရင် တခြားနိုင်ငံတွေက တနိုင်ငံချင်းစီ အနေနဲ့ဖြစ်ဖြစ်၊ စုပေါင်းပြီးတော့ ဖြစ်ဖြစ် မြန်မာစစ်တပ်အပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်လာကြလိမ့်မယ် ဆိုတာပါပဲ" လို့ စီဒိုတီ က ပြောကြားခဲ့ပါတယ်။

ဇွန်ဘော်ပီတာ

Ref: DW

(ဂျာမနီ အခြေစိုက် Deutsche Welle(DW) သတင်းဌာနဝက်ဆိုက်တွင် ဆောင်းပါးရှင် Zsombor Peter ရေးသားထားသည့် “Myanmar faces Rohingya genocide case: What to know” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013