
မြန်မာနိုင်ငံဘက်ခြမ်းက ထွက်လာတဲ့ မီးခိုးလုံးကြီးတွေကို ကျမ လှမ်းမြင်နေရတယ်။ မည်းမှောင်ပြီး ထူထဲလှတဲ့ မီးခိုးလုံးကြီးတွေအကြား လူပေါင်းသောင်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ဖြတ်ကျော် ဝင်ရောက်လာနေကြပါတယ်။ အဲဒီအထဲမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်သည်တွေ ပါဝင်ပါတယ်။ တချို့က ဓားခုတ်ရာတွေ၊ တချို့က မြန်မာစစ်တပ်ပစ်လိုက်တဲ့ ကျည်ဆန်ဒဏ်ရာတွေနဲ့။ ကျမစိတ်ထဲ စွဲထင်နေတာကတော့ အဝတ်အစားမပါတဲ့ ကလေးတွေ အများကြီးကို မြင်တွေ့လိုက်ရတာပါပဲ။ တချို့ အမျိုးသမီးတွေဆိုရင် စစ်သားတွေရဲ့ ရက်ရက်စက်စက် အဓမ္မပြုကျင့်တာကို ခံထားရလို့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ရှာပါဘူး။ သူတို့အဖြစ်အပျက်တွေကို ပြောပြဖို့အတွက် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေခဲ့ကြတယ်။ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်း အတွေ့အကြုံတွေကလွဲရင် သူတို့မှာ ဘာဆိုဘာမှ မကျန်တော့ပါဘူး။ အဲဒီအတွေ့အကြုံတွေက နာကျင်စရာ ကောင်းလှ၊ ခါးသီးလှပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာတွေ ပျောက်ပျက်မသွားဘဲ သမိုင်းကျန်ရစ်ခဲ့အောင် သူတို့တွေ ပြန်ပြောပြခဲ့ကြတယ်။ အဲဒီအချိန်တုန်းကတော့ တရားမျှတမှု ဆိုတာ ဖြစ်နိုင်ခြေမရှိတဲ့ အရာတခုလိုပါပဲ။
ဒါတွေဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းက တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။ အဲဒီတုန်းက ကျမဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact-Finding Mission) ရဲ့ အဖွဲ့ဝင်တဦးအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို အရေးပေါ် ရောက်ရှိနေပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ ၇၄၀,၀၀၀ ကျော်ရဲ့ သက်သေထွက်ဆိုချက်တွေကို စုဆောင်းဖို့ပေါ့။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူ့အသိုက်အဝန်းအပေါ် မြန်မာစစ်တပ်ရဲ့ “နယ်မြေရှင်းလင်းရေး” တွေ လုပ်ဆောင်ပြီးခါစ အချိန်ပါ။ သူတို့က ရွာလုံးကျွတ် မီးရှို့တယ်၊ ကလေးတွေကို သတ်ဖြတ်တယ်၊ အရပ်သားတွေကို ခေါင်းဖြတ်သတ်တယ်၊ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီး အများအပြားကို အဓမ္မပြုကျင့်ခဲ့တယ်။ ကလေးငယ်တွေကို မီးထဲ၊ ရေထဲ ပစ်ချခဲ့ကြတယ်။ ရိုဟင်ဂျာတွေဟာ လူမျိုးမတူ၊ ဘာသာမတူ ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ အဲဒီလို လုပ်ခဲ့ကြတာပါ။
သိပ်မကြာခင်မှာပဲ ဒီတိုက်ခိုက်မှုတွေဟာ “ဂျီနိုဆိုက် (Genocide)” မြောက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကို သက်သေပြနေတဲ့ အထောက်အထားတွေ ကလည်း အများကြီးပါပဲ။
အဲဒီလို စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ ဒုက္ခတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ ရိုဟင်ဂျာ အသက်ရှင်ကျန်ရစ်သူတချို့ဟာ သဟိဂ်မြို့ကို ရောက်ရှိလာကြပါပြီ။ ထူးခြားတာကတော့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ဂျီနိုဆိုက်သတ်ဖြတ်မှု အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆိုတဲ့ အမှုကို အဆုံးအဖြတ်ပြုမဲ့ အဓိကအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ကြားနာမှုတွေမှာ ထွက်ဆိုဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က သူတို့ကို ခွင့်ပြုလိုက်ပါတယ်။ ဒီကြားနာမှုဟာ ဇန်နဝါရီ ၁၂ ရက် မှာ စတင်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီကြားနာမှုတွေအတွင်းမှာ သူတို့ရဲ့ အမှန်တရား၊ သူတို့ရဲ့ နာကျင်မှုတွေကို ပြောပြခွင့်ရတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တရားရုံးတော်ကြီးမှာ သူတို့ ရသင့်ရထိုက်တဲ့ တောင်းဆိုမှုတွေကို အသံကုန်ဟစ်ခွင့် ရကြတော့မှာလည်း ဖြစ်ပါတယ်။
လုံခြုံရေးအရ နာမည်ဝှက်ထားတဲ့ သက်သေထွက်ဆိုချက်တွေဟာ မခိုင်လုံဘူးလို့ အကြောင်းပြပြီး စစ်ကောင်စီက ငြင်းဆန်နေပါတယ်။ ဒီလိုငြင်းနေတဲ့ကြားကပဲ ICJ က သူတို့ကို ထွက်ဆိုခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ ကျူးလွန်သူတွေနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ သဘောတူလိုက်တဲ့အတွက် ရိုဟင်ဂျာတွေဟာ တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး တိုက်ပွဲမှာ သူတို့ရဲ့ အံ့မခန်း ကြံ့ခိုင်မှုနဲ့ သတ္တိကို နောက်တကြိမ် ပြသလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဂမ်ဘီယာနိုင်ငံနဲ့ သူတို့ရဲ့ ထူးချွန်တဲ့ ရှေ့နေအဖွဲ့က ဦးဆောင်ပြီး ၆ နှစ်ကျော်ကြာ ကြိုးပမ်းခဲ့မှုရဲ့ ရလဒ်လို့လည်း ဆိုနိုင်ပါတယ်။ ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါအစိုးရတို့ရဲ့ ဘဏ္ဍာရေးပံ့ပိုးမှု၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကျမတို့ Legal Action Worldwide (LAW) အဖွဲ့တို့ရဲ့ ကူညီပံ့ပိုးမှုတွေလည်း ပါဝင်ပါတယ်။
ရိုဟင်ဂျာ အသိုက်အဝန်းရဲ့ ဆန္ဒက ရှင်းပါတယ်။ သူတို့ အိမ်ပြန်ချင်ကြတယ်။ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာနဲ့ ပြန်ချင်ကြတယ်။ သူတို့မြေတွေကို သူတို့ ပြန်လိုချင်တယ်။ နိုင်ငံသားဖြစ်ခွင့် လိုချင်တယ်။ အနာဂတ်တခုကို လိုချင်ကြတယ်။ ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသား လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။ ဒါကြောင့် လောလောဆယ်မှာတော့ သူတို့ အိမ်ပြန်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါဆိုရင် ဘာကိစ္စ ICJ ကြားနာမှုတွေကို အလုပ်ရှုပ်ခံ လုပ်နေရတာလဲလို့ မေးစရာရှိပါတယ်။
အဖြေကတော့ နိုင်ငံတကာဥပဒေနဲ့ အဲဒီဥပဒေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ကာကွယ်ပေးမဲ့ နောက်ဆုံးခံတပ် ဖြစ်နေလို့ပါပဲ။ ဟုတ်ပါတယ်။ ဂျီနိုဆိုက်ကို ကျူးလွန်ခဲ့တယ်၊ ဒါမှမဟုတ် တားဆီးဖို့၊ အရေးယူဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ရင်တောင် မြန်မာစစ်တပ်က ဒါကို လျစ်လျူရှုနိုင်ပါတယ်၊ (လျစ်လျူရှုဖို့လည်း များပါတယ်)။
ဒါပေမဲ့ ဒီလို အနိုင်ရလိုက်တဲ့ စီရင်ချက်တခုဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအတွက် ကျူးလွန်သူတွေအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) လို နည်းလမ်းတွေနဲ့ တရားဥပဒေကြောင်းအရ ဖိအားပေးဖို့ အားဖြည့်ပေးပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ မြန်မာ့ပြည်တွင်းရေး သက်သက် မဟုတ်ဘူးဆိုတာ ဒီအမိန့်က သက်သေထူလိုက်မှာ ဖြစ်ပါတယ်။ ဒီလို အမိန့်ချလိုက်ပြီဆိုရင် ဒေသတွင်းနိုင်ငံတွေလည်း လက်ပိုက်ကြည့်နေလို့ မရတော့ပါဘူး။ မြန်မာနိုင်ငံ ဥပဒေလိုက်နာလာအောင် နိုင်ငံရေး၊ စီးပွားရေး နည်းလမ်းတွေနဲ့ ဖိအားပေးဖို့ သူတို့မှာပါ ဥပဒေအရ တာဝန်ရှိသွားပါလိမ့်မယ်။
ဒီ ICJ ကြားနာမှုရလဒ် ထွက်ပေါ်လာပြီးရင်တောင်မှ တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် တိုက်ပွဲက ဆက်ရှိနေဦးမှာပါ။ နိုင်ငံတော်ရဲ့ တာဝန်ရှိမှု (State liability) ထက် တသီးပုဂ္ဂလ ပြစ်မှုကျူးလွန်သူတွေကို အဓိကထား အရေးယူနိုင်မဲ့ တခြား ဥပဒေလမ်းကြောင်းတွေလည်း ရှိပါသေးတယ်။ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) မူအရ အာဂျင်တီးနားလို နိုင်ငံမျိုးရဲ့ တရားရုံးတွေက မြန်မာစစ်ဘက် ထိပ်တန်းအရာရှိ ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကိုလည်း အလားတူ ပြည်တွင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်ကြဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ကလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က မှတ်တမ်းတင်ထားတဲ့ အထောက်အထားတွေကို အခြေခံပြီး စစ်ခေါင်းဆောင်ပိုင်းကို ဖမ်းဝရမ်းထုတ်ဖို့ တက်တက်ကြွကြွ ဆောင်ရွက်နေပါတယ်။ ရာဇဝတ်မှု ဥပဒေတွေအပြင် တခြား တီထွင်ကြံဆတဲ့ တရားမကြောင်း နည်းလမ်းတွေလည်း ရှိပါတယ်။ ဥပမာ- အမုန်းစကားတွေ ဖြန့်ဝေပေးခဲ့တဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို တရားစွဲတာမျိုး၊ စစ်ကောင်စီဆီ လက်နက်တင်ပို့မှုပိတ်ပင်ဖို့ (တောင်အာဖရိကနိုင်ငံမှာလိုမျိုး) ပြည်တွင်း တရားစွဲဆိုမှုတွေ လုပ်တာမျိုးတွေ ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ရိုဟင်ဂျာ ရွာတွေဆီကနေ ထွက်ခဲ့တဲ့ မီးခိုးတွေ ငြိမ်းသွားတာ ကြာပါပြီ။ ဒါပေမဲ့ ရိုဟင်ဂျာလူထုကတော့ သူတို့နဲ့ထိုက်တန်တဲ့ တရားမျှတမှုကို မားမားမတ်မတ်နဲ့ ရပ်တည် တောင်းဆိုနေတုန်းပါပဲ။ အရပ်သားပြည်သူတွေကို အကြီးအကျယ် ထိခိုက်စေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကမ္ဘာအနှံ့ ပိုမိုပြင်းထန်လာတာကို မြင်တွေ့နေရချိန်မှာ ရိုဟင်ဂျာတွေရဲ့ သတ္တိရှိတဲ့ လုပ်ရပ်က ကျမတို့ အားလုံးကို၊ အထူးသဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို သတိပေးနေပါတယ်။ အဲဒါကတော့ လူသားဆန်မှုနဲ့ တရားမျှတမှု ဆိုတဲ့ တန်ဖိုးတွေကို ဘယ်နည်းနဲ့မဆို ကာကွယ်စောင့်ရှောက်ကြဖို့ ကျမတို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာပါပဲ။ ဒါဟာ ရှင်သန်ရပ်တည်ရေးကိစ္စ ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ၊ ကန့်သတ်ချက်တွေ မရှိရင် ကမ္ဘာကြီးဟာ ပရမ်းပတာ ဖြစ်သွားဖို့ပဲ ရှိပါတော့တယ်။
ဒီ ICJ ကြားနာမှုတွေဟာ ရိုဟင်ဂျာတွေအတွက် သာမက နိုင်ငံတကာ တရားမျှတမှုအတွက်ပါ မျှော်လင့်ချက်ရောင်ခြည်တခု ဖြစ်ပါတယ်။ အားလုံး စောင့်မျှော်နေကြတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတော့ ရှိပါလိမ့်မယ်။ လူသားအချင်းချင်းအပေါ် ကျူးလွန်နိုင်တဲ့ အရက်စက်ဆုံး လုပ်ရပ်တွေကို ကျမတို့ စုပေါင်းပြီး ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ဒီအမှုက ပုံဖော်ပေးသွားမှာပါ။
ဒီဆုံးဖြတ်ချက်ဟာ ခိုင်မာပြတ်သားဖို့ လိုပါတယ်။ အာဏာရှင်စနစ်ကို ခြွင်းချက်မရှိ ရှုတ်ချရပါမယ်။ အပြစ်မဲ့ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ ထိုက်တန်တဲ့ အနာဂတ်တခုကို ဖော်ဆောင်ပေးနိုင်တဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ကိုဖြစ်ရမှာပါ။
အန်တိုနီးယား မာလ်ဗေး
Ref: The Diplomat


