
အာရက္ခတပ်တော်နဲ့ တိုက်ပွဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် လက်နက်ကိုင် ၅၃ ယောက်ကို တရားမဝင်ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆွဲလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းဌာနတွေက ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်စပ်မှာ AA နဲ့တိုက်ပွဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး လာကြတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)က ဖမ်းဆီးပြီး ကော့ဇ်ဘဇားတရားရုံးမှာ တရားစွဲဆိုလိုက်တာလို့ တက္ကနဖ်မြို့နယ်ရှိ ရဲအရာရှိတွေက ပြောကြပါတယ်။
လက်ရှိမှာ တရားစွဲဆိုထားတဲ့ သူတွေကို ထောင်သို့ပို့ဆောင်ဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ထားတယ်လို့ တက္ကနဖ်မြို့နယ်က ရဲစခန်းက တာဝန်ခံအရာရှိ ဆိုင်ဖူလ်အစ္စလာမ်က ဒေသခံမီဒီယာတွေကို ဇန်နဝါရီ ၁၃ ရက်က ပြောပါတယ်။
လက်ရှိတရားစွဲထားတဲ့သူတွေအထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်လို့ စစ်တကောင်းဆေးကောလိပ်မှာ ဆေးကုသမှုခံယူနေရပြီး ကျန် ၅၂ ယောက်ကိုတော့ ထောင်ကို ပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။
ဇန်နဝါရီ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ AA ရဲ့ နယ်စပ်စခန်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ ARA၊ RIM တို့က ဝင်တိုက်ခိုက်ရာမှာ တိုက်ပွဲတွေဖြစ်ပွားပြီး AA ရဲ့တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းက ကျည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၂ နှစ်အရွယ်မိန်းကလေးငယ်တယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ ပါတယ်။
အဲဒီလို နယ်စပ်မှာ နှစ်ပွဲဖြစ်ပွားပြီး ဘင်္ဂလားဒေ့နိုင်ငံတွင်း ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီသံအမတ်ကို ဘင်္ဂလားဒေရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တို့အကြားမှာ တွေ့ဆုံမှုတွေရှိခဲ့တယ်လို့လည်း နယ်စပ်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
Ref: The Business Standard


