
အလုပ်ဗီဇာနဲ့ ပါမစ်မရှိတဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားသူတွေအနေနဲ့ ပြည်ပထွက်ဖို့ရှိရင် PV အမျိုးအစားပတ်စ်ပို့ ပြောင်းကိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အသိပေးထားပါတယ်။
စစ်ကောင်စီက ၂၀၂၆ နှစ်အစမှာ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်လို့ မူဝါဒပြောင်းလဲကာ တင်းကျပ်လုပ်ဆောင်နေတဲ့အတွက် အလုပ်အကိုင်အမျိုးအစား PJ ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ ပြည်ပထွက်ဖို့ ပိုခက်ခဲလာတာ ဖြစ်ပါတယ်။
အဲဒီလို တင်းကျပ်မူတွေ ရှိနေချိန်မှာ အလုပ်အကိုင် ဗီဇာနဲ့ ပါမစ် ( Work visa/ work permit) မရှိတဲ့ OWIC ကိုင်ဆောင်ထားသူတွေကို အလည်၊ ဘုရားဖူး၊ ဆေးကုဖို့အတွက် ပြည်ပသွားမယ်ဆိုရင် PV ပတ်စ်ပို့ အမျိုးအစားပြောင်းကိုင်ဖို့ အကြံပြုကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ Safe Migration တယ်လီဂရမ်ချန်နယ်ကနေ ဇန်နဝါရီ ၁၇ ရက်မှာ အသိပေးထားတာ ဖြစ်ပါတယ်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပတ်စ်ပို့အမျိုးအစားပြောင်းကိုင်ဖို့ ပြောပေမဲ့ အခုရက်ပိုင်းထဲ PJ ကနေ PV ပတ်စ်ပို့ ပြောင်းလဲ ခွင့်ရပ်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးက ပတ်စ်ပို့ပြောင်းလျှောက်တဲ့လုပ်ငန်းစဥ်နဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ထားတာမရှိပေမဲ့ အသက် ၃၅ နှစ်အောက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက PJ ကနေ PV ပြောင်းခွင့် ရပ်ထားတာလို့ ပတ်စ်ပို့နဲ့ပတ်သက်လို့ ဝန်ဆောင်မှုပေးနေသူတယောက်က ပြောပါတယ်။
“အခုအထိတော့ ယာယီဆိုပြီး ရပ်ထားတယ်။ ပတ်စ်ပို့ပြောင်း ဝန်ဆောင်မှုအတွက် လက်ခံထားတာတွေ ဆက်မလုပ်နိုင်သေးဘူး။ တရားဝင်ညွှန်ကြားချက်ထွက်တာမရှိတော့ ဘယ်လောက်ကြာမယ် မပြောတတ်ဘူး။"
အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက အလုပ်အကိုင် ဗီဇာနဲ့ ပါမစ်မရှိတဲ့ OWIC ကိုင်ဆောင်ထားသူတွေကို PV ပတ်စ်ပို့ပြောင်းကိုင်ဖို့ ပြောတာကြောင့် အဲဒီသူတွေကို သီးခြားပြောင်းခွင့်ပေးတဲ့သဘော ဖြစ်နိုင်သလို ဌာနချင်းချိတ်ဆက်မှု အားနည်းလို့ လွဲမှားပြောတာလည်း ဖြစ်နိုင်တယ်လို့ ပတ်စ်ပို့ဝန်ဆောင်မှု ပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက PJ ပတ်စ်ပို့ကိုင်ထားသူတွေကို OWIC ကတ်ရှိမှပြည်ပထွက်ခွင့်ပေးတာ၊ OWIC ကတ်ရှိလည်း ပြည်ထွက်ခွင့် တင်ခိုင်းပြီး လေဆိပ်မှာ အီးလ်မေးကနေ ထွက်ခွင့်တင်ထားတဲ့ အထောက်အထားပြနိုင်ရုံနဲ့ ထွက်လို့ရတာကနေ ထွက်ခွာခွင့်ပြုတဲ့ နာမည်စာရင်းထဲပါမှာ ပေးထွက်တော့တာမျိုး တင်းကျပ်မှုတွေ တဖြည်းဖြည်း လုပ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအသက်ထဲ အကျုံးဝင်နေပြီး PV ပတ်စ်ပို့နဲ့ ပြည်ပကို ပထမဆုံးအကြိမ် ထွက်မဲ့သူတွေထွက်ခွင့်မပေးဘဲ မဖြစ်မနေထွက်မယ်ဆိုရင် VIP လမ်းကြောင်းကနေ ကျပ်သိန်း ၅၀ လောက်ပေးမှ ခွင့်ပြုတာမျိုးတွေ ရှိနေတယ်လို့လည်း ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။


