Home
မြန်မာသတင်း
တရုတ်သတင်းပေးမှုကြောင့် SSPP /SSA ထိန်းချုပ်နယ်မြေ၌ မူးယစ်ဆေးဝါးများထပ်မိ
DVB
·
January 16, 2026
Photo: MOI

တရုတ်နိုင်ငံရဲ့ သတင်းပေးမှုကြောင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (SSPP/SSA)  ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းရယ်မြို့ အနောက်မြောက်ဘက်မှာ ဇန်နဝါရီ ၁၅ ရက်က မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေ ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၉ ရက်က သီပေါနဲ့ မိုင်းရယ်မြို့နယ်ကြားမှာ အွန်လိုင်းလိမ်လည်မှုသတင်းအရ စစ်တပ်က မူးယစ်ရဲတပ်ဖွဲ့နဲ့ အထူးအဖွဲ့ဖွဲ့ပြီး ၃ ရက်ကြာ စစ်ဆင်ရေးလုပ်ခဲ့ရာ ငွေကျပ် ၁၆၂၀ ဘီလီယံတန်ဖိုးရှိတဲ့ မူယစ်ဆေးဝါးတွေကို ထပ်မံဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

အခုလို မူးယစ်ဆေးဝါးဖမ်းဆီရရှိခဲ့ဟာ တရုတ်နိုင်ငံရဲ့သတင်းပေးမှုကြောင့်ဖြစ်တယ်လို့ ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။

"SSPP /SSA နယ်မြေမှ မူးယစ်ဆေးဝါးတွေ အခုလို ဖမ်းမိတာဟာ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု သတင်းပေးမှုကြောင့်ဖြစ်တယ်။ ဒါကို မီဒီယာတွေအားလုံးသိစေချင်တယ်။ ဒါကကျနော် တရားဝင်ပြောတာပါ။”

ဇန်နဝါရီ ၁၅ ရက်က တရုတ်နိုင်ငံရဲ့ ထပ်မံသတင်းပေးမှုကြောင့် မိုင်းရယ်မြို့ နားလင်းကျေးရွာအနီးမှာ မူးယစ်ဆေးချက်လုပ်ရာမှာအသုံးပြုတဲ့ အက်ဆစ်တွေထည့်ထားတဲ့ ပုံးပြာ ၃၅၀၀ လုံး၊ သံပေပါ ၅၀၇ လုံး၊ ဂတ်စ်အိုး ၂၄၃ လုံး၊ မီးစက် ၂ လုံး၊ ဆေးပြားရိုက်စက် ၉ လုံး၊ Happy Water ထုတ်လုပ်တဲ့ စက်ရုံဂိုဒေါင် ၁ လုံး၊ ဆေးပြားအခြောက်ခံဗန်း ၅၀ ခု၊ လူနေတဲ ၁၂ လုံး၊ အက်စစ်ပုံးထားသည့် ဂိုဒေါင် ၇ လုံး၊ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ တဲ ၁ လုံး၊ ပစ္စည်းထည့်ဂိုဒေါင် ၃ လုံး၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ကုန်ကြမ်းထားရာ ဂိုဒေါင် ၂ လုံး နဲ့ရိက္ခာ ဂိုဒေါင် ၂ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (SSPP /SSA)ကတော့ တရားမဝင် အွန်လိုင်းငွေကြေး လိမ်လည်တဲ့ အဖွဲ့အစည်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်တာမရှိဘူးလို့  ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013