
တောင်ကုတ်-ပန်းတောင်း ရိုးတောင်ကျော်လမ်းရှိ ပိတ်မိနေတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို ဇန်နဝါရီ ၁၄ ရက် ညနေက စစ်ကောင်စီလေတပ်က Y12 လေယာဉ်နဲ့ စားနပ်ရိက္ခာ ၂ ရက်ဆက်တိုက် လာချတာမှာ တချို့ကို အာရက္ခတပ်တော် (AA) က သိမ်းဆည်းရမိပါတယ်။
ဇန်နဝါရီ ၁၄ ရက် ညနေက ပွိုင့်ကုန်းကို Y12 လေယာဉ်နဲ့ ရိက္ခာအထုပ်လာချစဉ် အာရက္ခတပ်တော်ဘက်က သိမ်းဆည်းရမိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“အထုပ်တွေက များကာ ရတယ်၊ အကုန် ဒံပေါက်ထုပ်တွေပါ၊ တချို့ဆို သိုးစော်နံတယ်၊ ပုံစံကြည့်ရတာက ကြာပြီနဲ့တူတယ်။”
ဒရုန်းနဲ့ ကပစ ၁၆ က သောက်ရေ၊ စားနပ်ရိက္ခာ ပို့ဆောင်စဉ် ဒရုန်းအကျမှာ တော်လှန်ရေးတပ်ဘက်က ချိန်ကိုက် စနိုက်ပါ၊ အာပီဂျီ တွေနဲ့ ပစ်ခတ်နေတာကြောင့် ရိက္ခာလာသယ်တဲ့ တပ်ဖွဲ့ဝင်တချို့ သေဆုံးကာ ဒရုန်းရော စားနပ်ရိက္ခာပါ ဆုံးရှုံးရတဲ့အတွက် အခုလို Y12 လေယာဉ်နဲ့ လာချပေးတာလို့ သူကပြောပါတယ်။
အလားတူ စစ်ကောင်စီက ဇန်နဝါရီ ၁၅ ရက် နေ့လယ်မှာ ထပ်မံပြီး Y12 လေယာဉ်နဲ့ ရိက္ခာလာပို့စဉ် အထုပ်မချမီ ပွိုင့်ကုန်းပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ပြီးမှ စားနပ်ရိက္ခာ ၁၀ ထုပ်လောက် ကို ချပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ပထမနေ့ကလို မဟုတ်ဘူး၊ ပထမ ဗုံးကြဲတယ်၊ ပြီးမှ အထုပ်ချတယ်။ ကျနော်ထင်တာက ပထမရက်က အထုပ်ချတာ သူတို့ဘက်က နည်းနည်းပဲရတယ်၊ မလုံလောက်လို့ ရက်ဆက်လာချတယ်။”
စစ်ကောင်စီက အင်အား ၂၀၀ ကျော် ပိတ်မိနေတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို ကပစ ၁၆ ကနေပြီး တပ်မမှူးတွေ ဦးဆောင်ကာ စစ်ကြောင်းထိုး လမ်းဖွင့်ပေမဲ့ အာရက္ခတပ်တော်နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တို့ရဲ့ တိုက်ခိုက်မှုကို မကျော်နိုင်ဘဲ ကပစ ၁၆ နဲ့ ပွိုင့် ၆၆၆ ကြားစခန်းမှာ ရပ်တန့်နေရတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ စနိုက်ပါ၊ လက်နက်ကြီးတို့နဲ့ နေ့စဉ် တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီ ပွိုင့်ကုန်းစခန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့အပြင် ဆေးဝါးမလုံလောက်တဲ့အတွက် တိုက်ပွဲတွင်းက ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိနေတယ်လို့ စစ်တပ်အသိုက်အဝန်းထံက သိရပါတယ်။
ပွိုင့် ၆၆၆ စခန်းကုန်းနဲ့ ကြားစခန်းတွေကိုပါ တော်လှန်ရေးတပ်တွေက ဝိုင်းဝန်း ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်ပြီး ပွိုင့်ကုန်းနဲ့ ကပစ ၁၆ ကြား ရှေ့တန်းစခန်းကုန်းတခုက တပ်ဖွဲ့ဝင် ၂ ယောက် ဇန်နဝါရီ ၁၃ ရက်က ထွက်ပြေးလာတဲ့အတွက် အာရက္ခတပ်တော် စစ်ကြောင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။


