
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ပြီး စစ်တပ်က ၆ လ အတွင်း ပြန်ပြင်ပေးခဲ့ပေမဲ့ အာရက္ခတပ်တော် (AA) တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က စွပ်စွဲပြောလိုက်ပါတယ်။
ဇန်နဝါရီ ၁၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum) ဖွင့်ပွဲအခမ်းအနားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ကို ဥပမာပေးပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က "ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က မုန်တိုင်းကျလို့ ပျက်စီးမှုတွေ ဖြစ်ပါတယ်။ စစ်တွေရဲ့ အထက်ပိုင်းမှာ တော်တော်များများ ပျက်သွားတယ်။ ကျနော် ၆ လအတွင်းမှာ မူလအခြေ အနေအတိုင်း ဖြစ်အောင်လုပ်မယ်ဆိုပြီး တာဝန်ပေးပြီး လုပ်ပါတယ်။ အလှူရှင်တွေလည်းအများကြီး လှူကြပါတယ်။ ကျနော်တို့ လုပ်အားတွေလည်း အများကြီး စိုက်ထုတ်ရတယ်။ ငွေတွေလည်း အများကြီး ကုန်ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၄ ခုနှစ်ကျတော့ AA ကနေ ဝင်ပြီးတော့ ဖျက်ဆီးတာနဲ့ ဒါတွေ အကုန်လုံး ပျက်စီးကုန်တာပေါ့။ ဘာတခုမှ မကျန်သလောက်ဖြစ်သွားပြီ" လို့ စွပ်စွဲပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံထက် စစ်ကောင်စီက လေကြောင်းက ဗုံးကြဲလို့ ပျက်စီးဆုံးရှုံးမှု ပိုများကြောင်း သံတွဲစစ် ရှောင်တယောက်က DVB ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ ပျက်စီးဆုံးရှုံးတယ်ဆိုတာ သူတို့ရဲ့ တပ်စခန်းတွေပါ၊ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ အရပ်သားပြည်သူတွေသေ အိုးမဲအိမ်မဲ့ဖြစ်တာ ပိုများပါတယ်။ ပြောရရင် AA နဲ့တိုက်ပွဲဖြစ်လို့ ပျက်စီးဆုံးရှုံးတာထက် စစ်တပ်က ဗုံးကြဲလို့ ပျက်စီးမှုအခြေအနေကို စစ်တမ်းကောက်ရင် ပိုသိသွားလိမ့်မယ်။”
လတ်တလောမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ် နဲ့ ဂွမြို့တို့ကို သိမ်းပိုက်အုပ်ချုပ်ထားပြီး စစ်ကောင်စီတပ်က စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့သာ အုပ်ချုပ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
နေပြည်တော်မှာတော့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum) ကို ဇန်နဝါရီ ၁၃ ရက်ကနေ ၁၆ ရက်အထိကျင်းပနေပါတယ်။


