Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မွတ်ဆလင် လက်နက်ကိုင်များနှင့် AA တိုက်ပွဲဖြစ်
DVB
·
January 13, 2026

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျီးကျွန်းနဲ့ မိုင်တိုင် ၄၅/၄၆ ပတ်ဝန်းကျင်တို့မှာ အာရက္ခတပ်တော် (AA) နဲ့ မွတ်ဆလင်လက်နက်ကိုင်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင် ရာနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ပြေးသွားကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မွတ်ဆလင် လက်နက်ကိုင်တွေ ဖြစ်ကြတဲ့ ARSA၊ ARA နဲ့ RIM အဖွဲ့တို့ဟာ နယ်စပ်ဒေသဖြစ်တဲ့ ကျီးကျွန်းနဲ့ မိုင်တိုင် ၄၅/၄၆ တို့က အာရက္ခတပ်တော်ရဲ့ တပ်စခန်းတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး AA ဘက်က အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် မွတ်ဆလင်လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ရောက်ထွက်ပြေးသွားခဲ့ကြတာ ဖြစ်တယ်လို့ နယ်စပ်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“မွတ်ဆလင် လက်နက်ကိုင်တွေက ဘင်္ဂလားနယ်စပ်က နယ်ခြားစောင့်တပ်စခန်းအချို့ကို တပြိုင်တည်း ဝင်တိုက်ခဲ့တာရှိတယ်။ AA ဘက်ကလည်း အပြင်းအထန် ပြန်တိုက်ခိုက်ခဲ့တာကြောင့် မွတ်ဆလင်လက်နက်ကိုင်တွေ အများအပြား သေဆုံးခဲ့ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲကိုလည်း ရာနဲ့ချီ ဝင်ပြေးသွားကြတာ ရှိတယ်။ AA ဘက်ကတော့ နယ်မြေရှင်းလင်းရေးတွေကို ပြုလုပ်နေတုန်းပဲ။”

ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ AA နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နယ်တွင်း လက်နက်ကြီးကျည်တွေ၊ ကျည်ဆန်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိန်းကလေးတယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ် အခြေစိုက် သတင်းဌာနတွေက ရေးကြပါတယ်။

နယ်စပ်တိုက်ပွဲအတွင်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးလာတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၅၂ ယောက် ဖမ်းမိထားပြီး ARA အဖွဲ့ဝင် ၂၉ ယောက်၊ ARSA တပ်ဖွဲ့ဝင် ၃ ယောက်၊ RIM အဖွဲ့ဝင် ၁၈ ယောက်နဲ့ တခြားအဖွဲ့အစည်းမရှိသူ ၂ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၂ ရက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးမှာ မြန်မာစစ်တပ်ရဲ့ မွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစီရင်မှုနဲ့ ချိန်ကိုက်ပြီး မွတ်ဆလင် လက်နက်ကိုင်တပ်တွေက AA အပေါ် တိုက်ခိုက်လာတာလို့ ရခိုင်စစ်ရေးအကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။

“မွတ်ဆလင် လက်နက်ကိုင်တွေရဲ့ ဒီတိုက်ခိုက်မှုက သွေးရိုးသားရိုးပုံစံ မဟုတ်ဘူး။ အရင်ကလည်း တိုက်ခိုက်တယ်ဆိုပေမဲ့ အရင်က တပ်‌တွေ ညှိပြီးတော့ ချိန်သားကိုက် တိုက်ခိုက်တာမျိုး မရှိဘူး။ အခုက ချိန်သားကိုက် တိုက်ခိုက်လာတာက ICJ ရုံးချိန်းနဲ့ သူတို့အရေး နိုင်ငံတကာအာရုံစိုက်မှုကို လိုချင်လို့ လုပ်လာတာ ယူဆနိုင်တယ်။ ဒါပေမဲ့ သူတို့မှန်းထားတာနဲ့ ရလဒ်က လုံးဝမကိုက်သလို ဖြစ်သွားတယ်။ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာ ဖော်ပြချက်တွေအရ သူတို့ ရှုံးနိမ့်ပြီး ပြေးလာရတာဟာ သူတို့ရဲ့ထိုးစစ် ပြိုလဲသွားတယ်ဆိုတာကို မြင်သာစေတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေဘက်က တစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးသလို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ဘက်ကတော့ နယ်စပ်အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောထားပါတယ်။

မွတ်ဆလင်လက်နက်ကိုင်တွေဟာ စစ်ကောင်စီနဲ့ မဟာမိတ်ဆက်ဆံရေးရှိပြီး မောင်တောနဲ့ ဘူးသီးတောင် တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ အတူပူးပေါင်းပြီး AA ကို တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013