Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ခံရသူများစာရင်း ထုတ်ပြန်
DVB
·
January 16, 2026

အာဏာသိမ်းစစ်တပ်က ကျင်းပနေတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ခံရသူတွေရဲ့ စာရင်းကို စစ်တပ် ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲ အပိုင်းတွေထဲက ပြည်သူ့လွှတ်တော် ၅၂ နေရာအတွက် ထုတ်ပြန်ခဲ့ရာမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ၄၄ နေရာ အနိုင်ရရှိထားပြီး တစညပါတီက ၂ နေရာ ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၁ နေရာ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၁ နေရာနဲ့ မွန်ညီညွတ်ရေးပါတီက ၄ နေရာ အနိုင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

စစ်တပ်ရဲ့ အပိုင်းလိုက်ရွေးကောက်ပွဲတွေကို ဒီဇင်ဘာ ၂၈ ရက်မှာ ပထမပိုင်းနဲ့ ဇန်နဝါရီ  ၁၁ ရက်မှာ ဒုတိယပိုင်းကျင်းပခဲ့တာပါ။

ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲ ကချင် ၅ မြို့နယ်၊ ကရင် ၂ မြို့နယ်၊ စစ်ကိုင်း ၂ မြို့နယ်၊ တနင်္သာရီ ၃ မြို့နယ်၊ ပဲခူး ၈ မြို့နယ်၊မန္တလေး ၈ မြို့နယ်၊ရန်ကုန် ၁၇ မြို့နယ်၊ ရှမ်း ၉ မြို့နယ်၊ ဧရာဝတီ ၉ မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်တို့မှာ ပြုလုပ်ဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သိသိသာသာမဲပေးမှု ကျဆင်းသွားခဲ့တယ်လို့ ပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေကပြောနေပေမဲ့ စစ်တပ်ပြောခွင့်ရသူနဲ့ စစ်ခေါင်းဆောင်တို့ ကတော့ မဲပေးမှု ၆၀  ရာခိုင်နှုန်းအထက်ရှိပြီး အောင်မြင်တဲ့ရွေးကောက်ပွဲလို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013