
အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ NLD ပါတီကနေ ထုတ်ပယ်ခံရတဲ့ စိုင်းဆေဟန်ဟာ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့တယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP) ကနေ သိရပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်ကနေ ကျားဖြူပါတီကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စိုင်းဆေဟန်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ထွန်းကို ကျော်ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP) မှ တာဝန်ရှိသူတယောက်က “မန္တလေးက မြို့ ၂ မြို့နဲ့ ရှမ်းပြည်က တမြို့ကို ကျနော်တို့ အနိုင်ရထားပါတယ်။ မန္တလေးကတော့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ၂ မြို့နယ်မှာ အနိုင်ရထားတာပါ။ တတိုင်းလုံး ပေါင်းဦးမှာပေါ့။ တတိုင်းလုံးနိုင်မှ တက်မှာ။ လင်းခေးမြို့ကတော့ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရတာပါ” လို့ ပြောပါတယ်။
မန္တလေးတိုင်းက ညောင်ဦးမြို့နဲ့ ချမ်းအေးသာဇံမြို့မှာ အနိုင်ရရှိထားပြီး တခြား တိုင်းနဲ့ပြည်နယ် တချို့မှာတော့ ရှုံးနိမ့်ထားပါတယ်။
အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပူးပေါင်းဆောင်ရွက်တာ လုပ်ဆောင်တဲ့ လင်းခေးမြို့နယ်က ပါတီဝင် စိုင်းဆေဟန် အပါအဝင် ၉ ယောက်ကို ပါတီဝင်အဖြစ်က ထပ်မံထုတ်ပယ်လိုက်ကြောင်း ဒီဇင်ဘာ ၂၈ ရက်မှာ NLD က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


