Home
ဆောင်းပါး
၂၀၂၀ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရလဒ်များ
DVB
·
November 17, 2020
cover ပုံ
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်ပတ်အကြာ နိုဝင်ဘာလ ၁၅ ရက်မှာ အပြီးသတ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော် တစ်နည်းအားဖြင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်မှာ မဲဆန္ဒနယ် ၄၇၆ ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၉၆ နေရာမှာ အနိုင်ရရှိထားပါတယ်။ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ၃၂၂ နေရာထက်ကို ကျော်လွန်ပြီး အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက် စိတ်ကြိုက် အစိုးရဖွဲ့နိုင်ပြီပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃၃ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၅ နေရာ၊ ရခိုင်အမျိုးသားပါတီက ၈ နေရာ၊ တအောင်း(ပလောင်) အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့က ၅ နေရာစီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၄ နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ “ဝ” အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီတို့က ၁ နေရာစီ အနိုင်ရရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ်ပေါင်း ၃၃၀ နေရာရှိပေမယ့် ရှမ်းပြည်နယ်အရှေ့ပိုင်းက ၆ မြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းနိုင်တာကြောင့် လစ်လပ်မဲဆန္ဒနယ် ၁၅ နေရာ ရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မဲဆန္ဒနယ်ပေါင်း ၃၁၅ နေရာအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၈၅ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၆ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၃ နေရာ၊ ရခိုင်အမျိုးသားပါတီက ၄ နေရာ၊ တအောင်း(ပလောင်) အမျိုးသားပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၃ နေရာစီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီက ၂ နေရာစီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ “ဝ” အမျိုးသားပါတီက ၁ နေရာစီ အနိုင်ရရှိခဲ့ကြပါတယ်။ တိုင်းဒေသကြီးတွေမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံမှု အလွန်အားကောင်းခဲ့ပြီး ပြည်နယ်တွေမှာ ပြည်နယ်လုံးကျွတ် အနိုင်ရရှိခဲ့တာမရှိပေမယ့် ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မွန်စတဲ့ ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာ ပြည်နယ်တွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ထက်ဝက်ကျော်မှာ အနိုင်ရရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာတော့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အားကောင်းခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာ ၈ ခု အနက် ထက်ဝက်ကျော်ကို ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ မဲဆန္ဒနယ်ပေါင်း ၁၆၈ နေရာရှိပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မဲဆန္ဒနယ်နေရာ ၇ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် အမျိုးသားလွှတ်တော်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မဲဆန္ဒနယ်ပေါင်း ၁၆၁ နေရာ ရှိပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ မဲဆန္ဒနယ်ပေါင်း ၁၆၁ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၃၈ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၇ နေရာ၊ ရခိုင်အမျိုးသားပါတီက ၄ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီက ၃ နေရာစီ၊ တအောင်း(ပလောင်) မျိုးသားပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂ နေရာစီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနဲ့ ဒီမိုကရေစီပါတီသစ် (ကချင်)ပါတီက ၁ နေရာစီ အနိုင်ရရှိခဲ့ကြပါတယ်။
အမျိုးသားလွှတ်တော်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် တိုင်းဒေသကြီး ၇ ခုက မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့ပါတယ်။ ပြည်နယ် ၇ ခုမှာတော့ ချင်းပြည်နယ်က မဲဆန္ဒနယ်အားလုံးမှာ အပြင် ကချင်၊ ကယား၊ ကရင်နဲ့ မွန်စတဲ့ ပြည်နယ်တွေရဲ့နေရာအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့ပါတယ်။ ရှမ်းနဲ့ရခိုင်မှာတော့ ပြည်သူ့လွှတ်တော်မှာလိုပဲ အမျိုးသားလွှတ်တော်မှာလည်း သက်ဆိုင်ရာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေက အများစု အနိုင်ရရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013