Home
ဆောင်းပါး
ဘက်စုံလိမ်ကောက် စစ်သဘောက်တပ်မတော်
DVB
·
May 11, 2024
MinKChiit_11052024

လောကမှာ ရိုးသားမှုမရှိဘဲ ကလိမ်ကကျစ်ကျပြီး မိုက်ရိုင်းယုတ်မာတတ်တဲ့ မုသားစကားကို ထမင်းစားရေသောက် ပြောဆို လိမ်ညာလေ့ရှိရင် လူပုဂ္ဂိုလ်ဖြစ်ဖြစ်၊ လက်နက်ကိုင် အဖွဲ့အစည်းတရပ်ဖြစ်ဖြစ် လူ့အသိုင်းအဝိုင်းက မနှစ်မြို့ကြဘဲ ဝိုင်းကြဉ် အပြစ်ပေးလေ့ ရှိပါတယ်။ အဲဒီလို လူပုဂ္ဂိုလ် အဖွဲ့အစည်းမျိုးတွေဟာ နာမည်ဆိုးနဲ့ရှင်သန်ရင်း စိတ်ဓာတ်၊ အတွေးအခေါ်၊ အလုပ်အကိုင်၊ အပြောအဆိုတွေ လိမ်ကောက်လာရုံသာမက ဘက်ပေါင်းစုံမှာ လိမ်ကောက်ပိန်ရှုံ့လာရင်း မလှမပ နိဂုံးသတ် ပျောက်ကွယ်ကြရလေ့ ရှိတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ လက်နက်အားကိုးပြီး မိုက်ရိုင်းရမ်းကားစွာ နိုင်ငံကိုဖျက်ဆီး ပြည်သူကို အရက်စက်ဆုံး ဒုက္ခပေးနေတဲ့ တပ်မတော်အမည်ခံ စစ်ဓားပြတပ်ဟာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့နောက် ယုတ်ညံ့တဲ့ စစ်အာဏာရှင်တွေလက်အောက် ကျရောက်ခဲ့ပြီးတဲ့နောက် ရှိရင်းစွဲဂုဏ်တွေ ပျောက်ဆုံးလို့ ဘက်ပေါင်းစုံ လိမ်ကောက်တဲ့ စစ်သဘောက်တပ်မတော်အဖြစ် ရောက်ရှိလို့ အသရေမဲ့စွာ ပြည်သူ့ချဉ်ဖတ် ဖြစ်ခဲ့ရပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစလို့ တဏှာရူး စစ်အာဏာရှင် နေဝင်းကို အမှန်နဲ့အမှား မခွဲခြားနိုင်ဘဲ ပထွေးတော်မိပြီး နိုင်ငံနဲ့ပြည်သူကို အနိုင်ကျင့်ခန်း စတင်ခဲ့ကြတာပါပဲ။ စစ်မိစ္ဆာတွေဟာ အများပြည်သူ‌ ရွေးကောက်ထားတဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရထံက နိုင်ငံတော်အာဏာ ၃ ရပ်ကို အကြမ်းဖက်လုယူပြီး စစ်အာဏာသိမ်းယူကတည်းက ဒီကနေ့အချိန်ထိ အလိမ်အညာ မုသားစကားတွေဆိုပြီး ကလိမ်ကကျစ်အလုပ်တွေ ကျူးလွန်ခဲ့ကြတာ သမိုင်းမှတ်တမ်းတွေ အများကြီးရှိပါတယ်။

စစ်သဘောက်တပ်မတော်ဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ တကသ၊ ရကသ၊ ဗကသ ကျောင်းသားသမဂ္ဂတွေရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ၇ ဇူလိုင် ကျောင်းသားအရေးအခင်းမှာ ရန်ကုန်တက္ကသိုလ်‌ဝင်းထဲက သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို မိုင်းနဲ့ခွဲ ဖျက်ဆီးခဲ့တဲ့ ကိစ္စကိုလည်း ဖုံးကွယ်လိမ်ညာခဲ့သလို ကျောင်းဝင်းထဲနဲ့ အဆောင်တွေထဲအထိဝင်ပြီး လက်နက်မဲ့ တက္ကသိုလ်ကျောင်းသားတွေကို မောင်းပြန်သေနတ်တွေနဲ့ သွေးပင်လယ်ဝေအောင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြရာမှာ ကျောင်းသားတွေ ရာနဲ့ချီ သေဆုံးခဲ့ရတာကို ၁၇ ယောက်သာ သေဆုံးခဲ့တယ်ဆိုပြီး လိမ်ညာ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

တဏှာရူး စစ်အာဏာရှင်နေဝင်းရဲ့ နောက်ထပ် လိမ်ညာလှည့်ဖြားမှုကတော့ စစ်အာဏာရှင်စနစ်ကို ဖုံးကွယ်ဖို့ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်မယ်လို့ ပြောဆိုလုပ်ကိုင်ပြီး တနိုင်ငံလုံးကို လိမ်ညာခဲ့မှုကြီး ဖြစ်တယ်။ အခြေခံလူတန်းစား လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ လက်လုပ်လက်စားတွေအပေါ် ဥပဒေအထက်ကနေ ဖိနှိပ် ကုပ်သွေးစုပ်နိုင်တဲ့ စစ်အခွင့်ထူးခံ လူတန်းစားတရပ်ကို မွေးဖွားခဲ့တာကို ဆိုရှယ်လစ်မျက်နှာဖုံးနဲ့ ကာဘာယူပြီး လိမ်ညာခဲ့ကြတာ ဖြစ်ပါတယ်။

စစ်သဘောက်တွေ ဆိုရှယ်လစ်စနစ်အတုကြီးနဲ့ တိုင်းပြည်ရဲ့ ဆီဦးထောပတ်တွေ ခိုးယူချမ်းသာလာတာ ၂၅ နှစ် ကြာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံးနိုင်ငံတွေ စာရင်းထဲ ကျရောက် မွဲတေခဲ့ရပါတယ်။ အဲဒီမှာ တဏှာရူး စစ်အာဏာရှင်နေဝင်းနဲ့ စစ်ဗာလတွေဟာ တနပ်စားဉာဏ်နဲ့ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပြီး ပြည်သူလူထုဆီက ပိုက်ဆံတွေ လုယူဖို့ ကြံစည်လုပ်ကိုင်ရာမှာတောင် လက်ရှိငွေစက္ကူတွေ မသိမ်းဘူးလို့ ထုတ်ပြန် လိမ်ညာခဲ့ကြပါသေးတယ်။

ဒီလိုနဲ့ ၁၉၈၇ စက်တင်ဘာလ ၅ ရက်မှာ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန် ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာလို့ တိုင်းပြည်ကို ဓားပြတိုက်ခဲ့တာမို့ ငွေစက္ကူအရေးအခင်းကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ် မတ်လမှာ ဖြစ်ပွားတဲ့ အရပ်သားနဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ ခိုက်ရန်ပွဲက စခဲ့တဲ့ ပြဿနာမှာ အခွင့်ထူးခံ အသိုင်းအဝိုင်းကို အကာအကွယ်ပေးခဲ့တာမို့ စစ်ရာဇဝတ်ဂိုဏ်းက သေနတ်နဲ့ ပစ်ခတ်တာမို့ ကျောင်းသားကိုဖုန်းမော် သေဆုံးခဲ့ရတဲ့ ကိစ္စမှာလည်း အမှန်အတိုင်း မထုတ်ပြန်ဘဲ လိမ်ညာကောက်ကျစ်ခဲ့ကြပါတယ်။

နောက်တခါ သည်းမခံနိုင်တော့တဲ့ ပြည်သူလူထုတရပ်လုံးက ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းမတွေပေါ်တက်လာပြီး ဆိုရှယ်လစ်စနစ်အမည်ခံ တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ တလကျော်ကြာမြင့်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို စစ်သဘောက်တွေဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်အာဏာသိမ်းယူလို့ သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ကြတာဟာ ရန်ကုန်မြို့တော်ခန်းမရှေ့ တခုတည်းမှာကို ပြည်သူ ၃,၀၀၀ ကျော်နဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပြည်သူ သောင်းချီ အသက်ဆုံးရှုံးခဲ့ရပေမဲ့ စစ်သဘောက်တွေဟာ အမှန်အတိုင်း မကြေညာဘဲ ကလိမ်ကကျစ်နဲ့ လိမ်ညာဖုံးကွယ်ခဲ့ကြပြန်ပါတယ်။

ပါတီစုံဒီမိုကရေစီပေးမယ်လို့ လိမ်ညာတက်လာတဲ့ ဒုတိယအာဏာရှင်မျိုးဆက် ဘုရင်ရူးသန်းရွှေနဲ့ စစ်သဘောက် ဗိုလ်ချုပ်တသိုက်ဟာ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ လုပ်ပေးခဲ့ပေမဲ့ သူတို့ကျောထောက်နောက်ခံပြုထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ရှုံးနိမ့်ပြီး ပြည်သူ့ပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို နိုင်တဲ့အခါကျတော့ ပေးထားတဲ့ ကတိစကားကို အရှက်မရှိ ဖောက်ဖျက်ပြီး အာဏာလွှဲမပေးဘဲ ကလိမ်ကကျစ် ကျခဲ့ပြန်တာပါပဲ။

နောက်တော့ NLD အမတ်တွေကို ဖမ်းဆီးသတ်ဖြတ် ထောင်ချပြီး အချိန်မရွေး စစ်သဘောက်တပ်က အာဏာသိမ်းယူခွင့်ရှိတဲ့ ၂၀၀၈ စစ်ကျွန်အခြေခံဥပဒေကို  သူတို့စိတ်ကြိုက် ရေးဆွဲခဲ့ပြီး ပြည်သူ့ဆန္ဒခံယူပွဲကို သေနတ်နဲ့ချိန်ကျင်းပလို့ ပြည်သူဆန္ဒနဲ့‌ ရေးဆွဲကြတာလို့ ထပ်မံလိမ်ညာခဲ့ကြတာ မဟုတ်လား။ ပြီးတော့မှ စစ်ဘောင်းဘီချွတ် ချိတ်ပုဆိုးကောက်ဝတ်ပြီး ရာဇဝင်လူဆိုးလူမိုက်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စွမ်းအားရှင်အမည်ခံ လူ့ဗာလတွေ၊ လက်ပတ်နီ လူဆိုးတွေပါတဲ့ သူခိုးဓားပြအဖွဲ့အစည်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမည်ပြောင်းပြီး ပြိုင်ဘက်မပါတဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပပြီး ပြည်သူမတင်မြှောက်ဘဲ အစိုးရတက်လုပ်ခဲ့တာပါပဲ။

နောက်တော့ သူတို့ချည်းဆို ပြည်တွင်းပြည်ပက အသိအမှတ်မပြုမှာစိုးလို့ သူတို့ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်အနှောင်က လွှတ်ပေးပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ဆွဲသွင်းခဲ့ကြတာပါပဲ။ ပြီးတော့ မလွှဲမရှောင်သာတော့ဘဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လုပ်ပေးရပြန်တော့ စစ်တပ်ရဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခွက်ခွက်လန်အောင် ထပ်ရှုံးပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ထပ်နိုင်ပြန်ခဲ့ပါတယ်။

အဲဒီမှာ ပြည်သူကိုလှည့်ဖြားရာမှာ ပျော့ပျော့နဲ့နံတဲ့ ကြောင်ချီးလို စစ်ဘောင်းဘီချွတ် ချိတ်ပုဆိုးဝတ် သမ္မတသိန်းစိန်ဟာ မိဘပြည်သူများခင်ဗျာလို့ အပျော့ဆွဲနဲ့ ကလိမ်ကကျစ် ကျခဲ့သလဲဆိုရင် ပြောင်းလဲချိန်တန်ပြီလို့ ပြည်သူက စစ်တပ်ကို ဝေဖန်ကြတော့ နိုင်ငံရဲ့ အရေးအကြီးဆုံး ဝန်ကြီးဌာန ၃ နေရာဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးဌာနတွေကို ဒီမိုကရေစီနည်းလမ်းနဲ့ မညီညွတ်ဘဲ စစ်သဘောက်တပ်က ဆက်လုယူထားတဲ့အပြင် လွှတ်တော်ထဲမှာ စစ်သဘောက်အမတ် ၂၅ % က အရှက်မရှိ ဝင်လုယူထားနေတာ သိပါလျက်နဲ့ အရှက်မရှိဘဲ တပါတီစနစ်က ပါတီစုံဒီမိုကရေစီစနစ် ပြောင်းပေးထားပြီပဲ၊ နောက်ထပ်ပြောင်းပေးရရင် ကွန်မြူနစ်စနစ်ပဲ ကျန်တော့တယ်ဆိုတဲ့ သဘောနဲ့ ပြည်သူလူထုကို သူအုပ်ချုပ်တဲ့ စစ်သဘောက်တပ်သားတွေလို ခပ်တုံးတုံး ခပ်အအတွေလို အထင်သေးပုံနဲ့ ခနဲ့တဲ့တဲ့ ရွဲ့ရွဲ့တဲ့တဲ့ပြောပြီး လိမ်ကောက်ခဲ့ပါသေးတယ်။

အဲဒီကာလအတွင်း တတိယအာဏာရှင်မျိုးဆက်အဖြစ် မုသားစကားကို ထမင်းစားရေသောက် ပြောရဲပြီး ကတိစကား အလွယ်တကူဖျက်ဝံ့တဲ့ သမ္မတရူး ဥစ္စာရူး မင်းအောင်လှိုင်ကို စစ်သဘောက်တပ်ရဲ့ ကာချုပ်ခန့်လိုက်တော့ ပိုအတင့်ရဲလာကြတော့တာပါပဲ။ NLD ပြည်သူ့အစိုးရက လွှတ်တော်ထဲက‌နေ စစ်သဘောက်တွေကို စစ်တန်းလျားကိုပြန်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ ကြိုးပမ်းခဲ့တာကို လက်မခံဘဲ ပယ်ချခဲ့တဲ့အပြင် ပြည်သူက ရွေးကောက်တာမဟုတ်ဘဲ သမ္မတရာထူးကို အရှက်မရှိ တောင်းဆိုလာတာ ဥစ္စာရူးစစ်သဘောက် မင်းအောင်လှိုင်ပါပဲ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း မဲပေးခဲ့ကြတုန်းကတော့ ပြည်သူ့ဆန္ဒမဲ အဆုံးအဖြတ်ကို လက်ခံရမှာပေါ့လို့ တိုင်းသိပြည်သိ ထုတ်ဖော်ကတိပေးခဲ့တဲ့ မုသားကျေးကျွန် မင်းအောင်လှိုင်ဟာ တကယ်တမ်း NLD ပါတီက အကြီးအကျယ် အနိုင်ရခဲ့ပြန်တော့ မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိမ်ညာပြီး အရှက်ကင်းမဲ့ ပြောဆိုပြီး ကတိဖျက်ခဲ့ပြန်တာ အားလုံးအသိ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လက်နက်အားကိုးနဲ့ အာဏာလုယူခဲ့ကြတဲ့ စစ်သဘောက်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး ဇော်မဲလုံး ဆိုတာကလည်း မုသားစကားပြောမှ ရာထူးတက်၊ ထမင်းစားရတဲ့ အလုပ်ဆိုတော့ အမှန်တရားကို ဖုံးကွယ်လိမ်ညာရ၊ မုသားစကားကို ပြည်တွင်းပြည်ပ လူပုံအလယ်မှာ နေ့စဉ်နေ့တိုင်းလိုလို သိက္ခာမဲ့စွာ ပြောဆိုခဲ့တာမို့ ပြည်သူတွေက သူထုတ်ပြန်တဲ့စကားဆိုရင် ဆန့်ကျင်ဘက်အဓိပ္ပာယ် ကောက်ယူခဲ့ကြပါတော့တယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ သန္ဓေဆိုးပြီး သီလယုတ်ညံတဲ့ စစ်သဘောက် ဗိုလ်ချုပ်တွေဟာ ရိုးသားဖြောင့်မတ်မှုမရှိဘဲ အမြဲတမ်း ကလိမ်ကကျစ်ကျလို့ မုသားစကားကို ထမင်းစားရေသောက် ပြောဆိုလုပ်ကိုင်ကြတာမို့ သူတို့ဟာ ဖြောင့်ဖြောင့်တန်းတန်းဆို ဘာမှ မရှိတော့ပါဘူး။ စိတ်ဓာတ်ကလည်း လိမ်ကောက်၊ အတွေးအခေါ်ကလည်း လိမ်ကောက်၊ အသိဉာဏ်ကလည်း လိမ်ကောက်၊ လုပ်ရပ်မှန်သမျှ လိမ်ကောက်လာရင်း တိုင်းရင်းသား မိဘပြည်သူတရပ်လုံးက ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းလာကြတာမို့ သူတို့ရဲ့ လက်နက်ကိုင် ဓားပြတပ်ဟာလည်း အကျအဆုံး ကြီးမားလာတာမို့ ဖွဲ့စည်းပုံကလည်း ရှုံ့တွ ပိန်ခြောက်လို့ မကြာခင် ဇာတ်သိမ်းရမယ့် ဘက်စုံလိမ်ကောက် စစ်သဘောက်တပ်မတော်ဘဝကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024