Home
မြန်မာသတင်း
မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုဖြင့် လူပေါင်း ၄၀၀ ကျော်ကို အမှုဖွင့်ထားဟု စစ်ကောင်စီကော်မရှင် ပြော
DVB
·
January 14, 2022
KMO2

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လူပေါင်း ၄၀၀ ကျော်ကို အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  ဇန်ဝါရီ ၁၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှု၊ တရားမဲ့ပြုကျင့်တာမှာ ပါဝင်ပတ်သက် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို အမှုဖွင့်အရေးယူနေတာလို့ ပြောပါတယ်။ ဒါ့အပြင် ဆက်လက် စိစစ်အရေးယူဦးမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဖို့ အားနည်းခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က တာဝန်ရှိသူပေါင်း ၂၄၈၃ ယောက်ကိုလည်း အရေးယူဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အမှုပေါင်း ၁၀၇၇ မှုဖြစ်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခဲ့တာ ၅၄၆ မှု၊ တရားစွဲတာ ၃၄၂ မှုနဲ့ ပိတ်သိမ်းခဲ့တာ ၁၉၄ မှုရှိတယ်လို့ သူက ပြောပါတယ်။ ၁၀ မှုကတော့ ဥပဒေအကြံတောင်းထားတုန်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊ အမည်တူ မဲပေးသူပေါင်း ၂၀၀၀ ကျော်ကို အရေးယူဖို့ တိုင်ကြားထားပြီး ဆက်လက်စစ်ဆေးနေတုန်းပဲလို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်၊ မဲမသမာမှုရှိတယ်ဆိုတဲ့  အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းထားတာဖြစ်ပြီး  အာဏာသိမ်းကာလ ၁ နှစ်နီးပါးကြာတဲ့အထိ  ရွေးကောက်ပွဲ ရလဒ်ကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ မဲမသမာမှု တခုမှ သက်သေအထောက်အထား ပြနိုင်ခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013