အောက်တိုဘာ ၁ ရက်မှာ မြန်မာနိုင်ငံတဝန်း သန်းခေါင်စာရင်း စတင်ကောက်ယူမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဒီနေ့ဆိုရင် အချိန် ၆ ရက်လောက်ပဲ လိုပါတော့တယ်။
၂၀၁၄ ခုနှစ်တုန်းက ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ လောက် ကုန်ကျခဲ့ပြီး ပြည်ပကထောက်ပံ့ငွေနဲ့ နည်းပညာ အကူအညီတွေ ရခဲ့ပါတယ်။ အခုကောက်မယ့် ၂၀၂၄ သန်းခေါင်စာရင်းမှာ ပြည်ပအကူအညီ မရတာကြောင့် ကိုယ်ထူကိုယ်ထ ကောက်ယူမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ တရုတ်နိုင်ငံကတော့ သန်းခေါင်စာရင်းကောက်ယူဖို့ နည်းပညာ အကူအညီပေးမယ်လို့ ပြောထားပါတယ်။
အခုကောက်ယူမယ့် သန်းခေါင်စာရင်းကနေ ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး မဲစာရင်းပြုစုကာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့လည်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာထားပါတယ်။