စစ်ကောင်စီက နေပြည်တော်မှာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့အတွက် ရေဘေးသင့် ပြည်သူတွေကို နေအိမ်ပြန်နိုင်ရေးအတွက် စီစဥ်နေတယ်လို့ ရေဘေးသင့် မိသားစုဝင်တွေဆီက သိရပါတယ်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဦးဆောင်ကာ စစ်တပ်အင်အားနဲ့ လမ်းတွေပြင်တာ၊ ပျက်စီးမှုတွေ ရှင်းလင်းတာတွေ၊ ကယ်ဆယ်ရေးစခန်းက ရေဘေးရှောင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးတာတွေ လုပ်ဆောင်နေပြီး နေအိမ်ကို ပြန်ခိုင်းတာတွေ ရှိတယ်လို့ ပျဥ်းမနားဒေသခံတယောက်က DVB ကို ပြောပါတယ်။
“တပ်က ပြင်ဆင်ရေးတွေ အင်အားအလုံးအရင်းနဲ့ လုပ်နေတာ စေတနာနဲ့မဟုတ်ဘူး၊ ရေဘေးသင့်တွေ ပြန်ခိုင်းမလို့။ သန်းခေါင်စာရင်းကောက်မယ့် အချိန်ကလည်း နီးကပ်နေပြီဆိုတော့ ထောက်ပံရေးပစ္စည်းတွေ အမြန်ပေးပြီး ပြန်ခိုင်းချင်တာ။ ဒါပေမဲ့ ကျမတို့မှာ ပြန်စရာတော့ရှိတယ်၊ နေစရာအိမ် မရှိတော့ဘူး။”
တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ချမ်းမြေ့ရိပ်သာကျောင်းမှာ စက်တင်ဘာ ၂၂ ရက်က ရေဘေးသင့်အိမ်ထောင်စု ၅၀၀ ကို ထောက်ပံ့ရေးပစ္စည်း ၁၂ မျိုးပေးပြီး သန်းခေါင်းစာရင်းကောက်ဖို့ နေရပ်ပြန်ဖို့ ပြောဆိုမှုတွေရှိတယ်လို့ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
ရေကြီးရေလျှံမှုဖြစ်စဥ်မှာ နေပြည်တော်ကောင်စီနယ်မြေထဲက တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိမြို့နယ်တွေမှာ လူ ၁၆၄ ယောက် သေဆုံးပြီး ပျောက်ဆုံးသူ ၂၃ ယောက်ရှိကာ နေအိမ် ၇,၃၉၆ လုံး နစ်မြုပ်ခဲ့တယ်လို့ စစ်ကောင်စီက စစ်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။