Home
မြန်မာသတင်း
စစ်ကောင်စီ ဘတ်ဂျက်လိုငွေ မြင့်နေဆဲဖြစ်ပြီး စုစုပေါင်းကြွေးမြီ ကျပ် ၇၀ ထရီလျံကျော်ရှိလာ
DVB
·
September 23, 2024

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ (Citizen’s Budget) အစီရင်ခံစာအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အစိုးရ ဘတ်ဂျက်လိုငွေမှာ ကျပ်ငွေ (၇ ဒသမ ၉) ထရီလျံ ရှိနေပြီး ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်းဟာလည်း ကျပ်ငွေ (၇၀ ဒသမ ၄) ထရီလျံ ရှိနေတယ်လို့ သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ဥပဒေကို ထုတ်ပြန်ရာမှာ နောက်ဆက်တွဲဇယားတွေဖြစ်တဲ့ ဝန်ကြီးဌာနအလိုက် ရငွေ၊ သုံးငွေတွေကို ပြည်သူလူထုကို ပွင့်လင်းစွာ ချပြခြင်း မရှိတာကြောင့် ဘယ်ဌာနတွေက ဘယ်လောက်သုံးစွဲမယ်ဆိုတာကို သိရခြင်း မရှိတော့ပါဘူး။

ရငွေထက် သုံးငွေက ပိုများနေတာကြောင့် နှစ်စဉ် ဘတ်ဂျက်လိုငွေပြနေပြီး အခုနှစ်အတွက် တိုင်းပြည် GDP တန်ဖိုးကို ကျပ်ငွေ ၁၅၅ ထရီလျံ ရှိမယ်လို့ စစ်ကောင်စီက ခန့်မှန်းထားတာကြောင့် လိုငွေနဲ့ GDP အချိုးဟာ ၅ ဒသမ ၀၇ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ စိစစ်ဖြတ်တောက်မခံရခင် အစိုးရအဖွဲ့အစည်းအသီးသီးက တင်တဲ့ မူလဘတ်ဂျက်အရ လိုငွေနဲ့ GDP အချိုးဟာ ၈ ဒသမ ၈၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ မိန့်ခွန်းအရ သိရပါတယ်။ ဒါ့ကြောင့် အခုနှစ်ရဲ့ အစိုးရအသုံးစရိတ်ကို ကျပ်ငွေ ၆ ထရီလျံဝန်းကျင် ဖြတ်တောက်ခဲ့တယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ယခင်ဘဏ္ဍာနှစ်က ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုပေါင်း အသုံးစရိတ်ဟာ အစိုးရ စုစုပေါင်းအသုံးစရိတ်ရဲ့ ၉ ရာခိုင်နှုန်းသာ ရှိနေချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန တခုတည်းရဲ့ အသုံးစရိတ်က ၁၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ထုတ်ပြန်ခြင်းမရှိပေမဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုပေါင်း အသုံးစရိတ်ဟာ အစိုးရစုစုပေါင်းအသုံးစရိတ်ရဲ့ ၈ ရာခိုင်နှုန်းကျော်ရုံပဲ ရှိတာကို တွေ့ရပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကို တိုးပြီးသုံးစွဲမယ်လို့ စစ်ကောင်စီက ကြွေးကြော်နေပေမဲ့ လတ်တလော စစ်ရှိန်မြင့်နေတာရယ်၊ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက်ပိုင်း သုံးစွဲရမယ့်စရိတ်အပြင် စစ်သားတွေ အပါအဝင် ဝန်ထမ်းတွေအတွက် သက်စွန့်စရိတ်တွေကိုပါ တိုးမြှင့်သုံးစွဲရမှာ ရှိတာကြောင့် ကာကွယ်ရေးအသုံးစရိတ်က ဒီနှစ်မှာလည်း မြင့်တက်မယ့် အလားအလာ ရှိနေပါတယ်။

လိုနေတဲ့ ဘတ်ဂျက်ကို ဖြည့်ဖို့အတွက် အများဆုံးချေးယူနိုင်မယ့် ပမာဏကို ကျပ်ငွေ  ၉ ဒသမ ၆ ထရီလျံထက်မပိုဖို့ သတ်မှတ်ထားပြီး ပြည်ပက ချေးငွေယူရပါက သက်သာတဲ့ ပြည်ပချေးငွေကိုသာ ယူဖို့ ဆိုထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာန စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အစိုးရရဲ့ ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်းဟာ ကျပ်ငွေ ၇၀ ဒသမ ၄ ထရီလျံ ရှိနေပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အရင်အစိုးရအဆက်ဆက်က ချေးယူခဲ့တဲ့ ပြည်ပချေးငွေတွေကို မိမိတို့လက်ထက်မှာ ပြန်ဆပ်နေရကြောင်း လက်အောက်ခံ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲတွေမှာ ပြောလေ့ရှိပါတယ်။

စစ်ကောင်စီလက်ထက်မှာ နိုင်ငံတကာချေးငွေနဲ့ အကူအညီတွေ ရပ်ဆိုင်းခံထားရတာကြောင့် လိုအပ်တဲ့ချေးငွေရရှိဖို့ အခက်အခဲရှိနေပြီး ငွေတိုက်စာချုပ်နဲ့ လက်မှတ်တွေ ထုတ်ရောင်းတာအပြင် ငွေစက္ကူအသစ် ရိုက်နှက်တာတွေကို လုပ်ဆောင်နေရပါတယ်။ စစ်ကောင်စီကို တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လက်ရှိ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းရခြင်းရဲ့ အဓိကအကြောင်းအရင်းဟာ  စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကနေ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်နေတာကြောင့်ဖြစ်တယ် ဆိုပြီး ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ မေလအထိ (၃ နှစ်နဲ့ ၃ လအတွင်း) ကျပ်ငွေ ၃၀ ထရီလျံနီးပါး ရိုက်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ချေးယူတဲ့ ပြည်တွင်းပြည်ပ ကြွေးမြီတွေဟာလည်း နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ကြွေးမြီ မဟုတ်ကြောင်းနဲ့ ပြန်ဆပ်ရန်လည်း တာဝန်မရှိကြောင်း ကြေညာထားပါတယ်။ စစ်ကောင်စီကတော့ အစိုးရရဲ့ ရငွေနဲ့ သုံးငွေအပိုင်းတွေမှာ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးသူတွေကြောင့် အခက်အခဲတွေ၊ စိန်ခေါ်မှု‌တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဝန်ခံထားပြီး ကြွေးမြီခံနိုင်ရည်ရှိမှုနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းဆောင်ရွက်ကြဖို့ လက်အောက်ခံ အဖွဲ့အစည်းတွေကို ညွှန်ကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013