စစ်ကောင်စီက သန်းခေါင်စာရင်းကောက်မယ့် ကိစ္စကို ပြည်သူတွေကြား စိုးရိမ်နေကြတယ်လို့ ရန်ကုန်မြို့နေပြည်သူတချို့က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အောက်တိုဘာ ၁ရက်ကစပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ဖို့ ပြင်ဆင်နေကာ စာရင်းကောက်မယ့် ကျောင်းဆရာမတွေကိုလည်း သင်တန်းပေးနေပါတယ်။
သန်းခေါင်စာရင်းကောက်ရာမှာ မေးမြန်းမယ့်မေးခွန်းတွေက လုံခြုံရေးပိုင်းစိတ်မချရတာကြောင့် လက်ခံဖြေဆိုဖို့ အဆင်မပြေတာမျိုးတွေရှိနေတယ်လို့ မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
“စီဒီအမ်လုပ်ထားသူရှိတဲ့အိမ်တွေ၊ ပီဒီအက်ဖ်ထဲရောက်နေသူရှိတဲ့အိမ်၊ စစ်မှုထမ်း တိမ်းရှောင်ထားသူရှိတဲ့ အိမ်တွေအနေနဲ့ သူတို့မေးလာမယ့်မေးခွန်းတွေက တချိန်အန္တရာယ်ပြန်ရှိနိုင်တော့ ဒါကိုစိုးရိမ်နေတာရှိတယ်။ သူတို့က သဘောရိုးရည်ရွယ်ချက်နဲ့ ကောက်တာမဖြစ်နိုင်ဘူး။ စာရင်းကောက်ရင်လည်း ဘယ်လိုလူတွေ ပါလာဦးမယ်မသိဘူးလေ။”
လက်ရှိမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ဖို့ကို စိုင်းပြင်းနေပေမဲ့ ကောက်မယ့်အထဲမှာ ဘယ်လိုမေးခွန်းအကြောင်းအရာတွေပါမယ်ဆိုတာကို ချပြအသိပေးထားတာမရှိပါဘူး။
သန်းခေါင်စာရင်းကို အကြောင်းပြုပြီး စစ်ကောင်စီက သူတို့လိုချင်တဲ့ အချက်အလက်တွေရအောင် လုပ်မယ့်သဘောရှိတာကြောင့် ပြည်သူတွေ လိုလိုလားလား ပါဝင်မယ့် အခြေအနေရှိမနေဘူးလို့ အရင်သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့မှာ ပါဝင်ခဲ့သူတချို့က မှတ်ချက်ပြုပါတယ်။
CDM မူလတန်းကျောင်းဆရာမတယောက်က “အခုလို နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေအရ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပေးဖို့ဆိုတာမလွယ်ဘူး။ ပြည်သူတွေက နဂိုကမှ သူတို့ကို အယုံကြည်မဲ့နေတာလေ။ အရင်သန်းခေါင်စာရင်းတွေ ကောက်တုန်းကတောင် သိပ်စိတ်မဝင်စားကြတာ၊ အခုကတော့ လိုလိုလားလားပူးပေါင်းပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ စိုးရိမ်စရာမလိုဘဲ ပူးပေါင်းပါဝင်ဖြေဆိုဖို့ ပြောထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းရေဘေးသင့်မှုကြုံရပြီး ကယ်ဆယ်ရေးစခန်းရောက်နေသူတွေကိုလည်း သန်းခေါင်စာရင်းကောက်တော့မှာဖြစ်လို့ နေရပ်အမြန်ပြန်ပို့ဖို့ကိုလည်း သူက အမိန့်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ပြည်လုံးကျွတ်သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းကောက်စဥ်က ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ငွေကြေးနဲ့ နည်းပညာပါဝင်ကူညီခဲ့ပေမဲ့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမယ့် အစီစဥ်မှာတော့ ပါဝင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ကောင်စီက ကောက်မယ့်သန်းခေါင်စာရင်းလုပ်ငန်းစဥ်မှာ ပွင့်လင်းမြင်သာမှု မရှိနိုင်သလို မရိုးဖြောင့်တဲ့ အသုံးချမှုတွေ ရှိလာနိုင်တယ်လို့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ ပါဝင်ခဲ့ဖူးသူတချို့က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်ပေါ်နေကာ စစ်ကောင်စီ စွန့်လွှတ်ထားရတဲ့ မြို့တွေလည်း အများအပြား ရှိနေတာကြောင့် မှန်ကန်တဲ့ အချက်အလက်ကိန်းဂဏန်းတွေ ရရှိနိုင်ဘွယ်မရှိဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်စဥ်က လူဦးရေ ၅၁ သန်းကျော်ရှိတာ တွေ့ရှိရပြီး ၂၀၂၄ မှာ လူဦးရေတိုးနှုန်းကို အခြေခံတွက်ချက်ထားချက်အရ ၅၆ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။