Home
မြန်မာသတင်း
မြန်မာရေဘေးအတွက် အနုပညာရှင်များ လှူဒါန်းကူညီ
DVB
·
September 20, 2024
Photo-Khine Hnin Wai Facebook

 

အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးမြေပြိုမှုတွေကြောင့် ဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် တော်လှန်အနုပညာရှင်တွေရော မြန်မာပြည်တွင်းက အနုပညာရှင်တွေပါ  အသီးသီးက ထောက်ပံ့ကူညီ လှူဒါန်းမှုတွေ ဝိုင်းဝန်း လုပ်ဆောင်နေကြ ပါတယ်။

အဆိုတော် ကျားပေါက်က သူကိုယ်တိုင်ရေးဆွဲထားတဲ့ Mother Nature (II) အမည်ရတဲ့ ပန်းချီကားကို ပန်ဆယ်လိုနဲ့ မောင်မောင်အေးတို့ကတဆင့် လေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ တိတိနဲ့ အမြင့်ဆုံးဈေး ရရှိခဲ့တာပါ။

တော်လှန်အနုပညာရှင် စုံတွဲတတွဲဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်း ဇနီးမောင်နှံကလည်း Art of Universe က ရရှိတဲ့ ရန်ပုံငွေတွေကို ရေဘေးသင့်ဒေသတွေဆီ လိုအပ်တဲ့ စက်လှေ၊ အမိုးအကာ၊ အစားအသောက်ရိက္ခာ စတာတွေကို အရေးပေါ်ထောက်ပံ့ကူညီပေးနေပါတယ်။

သရုတ်ဆောင် အဆိုတော် ချစ်သုဝေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် “ရောက်ဖို့မလွယ်တဲ့ စခန်း​တွေဆီ ရိက္ခာ အမိုးအကာ ပို့​ပေးနိုင်​နေပါပြီ။ အလှမ်း​ဝေးတဲ့စခန်း​တွေက ပြည်သူ​တွေကိုလည်း ကယ်လိုက်နိုင်တာ​တွေရှိ​နေပြီ။ ​ဆေးတပ်အဖွဲ့​တွေလည်း အကူအညီသွား​ပေး​နေနိုင်ပြီမို့၊ ပြည်သူ့အားနဲ့ပို့ခဲ့တဲ့ ဒီစက်​လှေ​လေးက ဒီ​ရေ​ဘေးမှာ အ​ထောက်အပံ့​ကောင်းလေ ဖြစ်​နေပါပြီ။  ကိုလင်း show ကြည့်တဲ့, merch ပစ္စည်း​တွေအား​ပေးခဲ့ကြတဲ့ ကမ္ဘာတဝန်းက မြန်မာပြည်သူ​တွေ ပီတိဖြစ်ဖို့ ပုံ​လေး​တွေ တင်လိုက်တယ်​နော်။ ​ရေ​ဘေးက​နေ လွတ်ကင်းတဲ့​ နေသာတဲ့​နေ့ အမြန်​ရောက်ပါ​စေ။ ပြည်သူအားလုံး​​ရော ကယ်ဆယ်​ရေးအဖွဲ့​တွေ​ရော ​ဘေး ကင်းပါ​စေ။ ​ရေ​ဘေးဖြစ်ဖြစ်ချင်း အားချင်း ကူနိုင်​အောင်စီစဥ်​ပေးတဲ့ Nway Oo Guru Lay Myar  အဖွဲ့ကို အထူးပဲ​ကျေးဇူးတင်ရပါ​တယ်” လို့ ရေးသားမျှဝေထားခဲ့ပါတယ်။

မြန်မာရေဘေးသင့်ပြည်သူတွေအတွက် အဆိုတော်လင်းနစ်ကလည်း သူ့ရဲ့ ကိုယ်ပိုင်သီချင်း တပုဒ်ဖြစ်တဲ့ “ချစ်သူ့အိမ်အပြန်” သီချင်းကို လေလံတင်ရောင်းချရာမှာလည်း အမေရိကန်ဒေါ်လာ ၁၀,၅၀၀ ထိ အမြင့်ဆုံးဈေးရရှိထားပါတယ်။

“Yeah!!!! 10500$ နဲ့ ချစ်သူ့အိမ်အပြန်သီချင်းရဲ့ မူပိုင်ခွင့်ကို အမည်မဖော်လိုသူ အလှူရှင်တဦးက ရရှိသွားပါပြီနော်။ အချိန်ကပ်မှ အပြိုင်အဆိုင်လာပေးနေကြလို့ပါ။ လက်တွေတုန်ရင်း စာတွေရိုက်နေရတာ လေလံဆွဲပေးကြတဲ့ အစ်ကို အမတွေရော၊ RCS လုပ်ပေးကြတဲ့သူတွေရော အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ချစ်တဲ့သူတွေ ကောင်းမွန်အေးချမ်းစွာ အိမ်ပြန်နိုင်ကြပါစေ။ သီချင်းလေးနဲ့အတူ တောင်းဆုပြုပါတယ်နော်။”

အလားတူ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ ခန့်စည်သူ၊  ဝေဠုကျော်၊ ဖြိုးငွေစိုး၊ နေတိုး၊ ဟိန်းဝေယံ၊ ထွန်းကိုကို၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ ထူးအယ်လင်း၊ ခင်လှိုင်၊ ခိုင်နှင်းဝေ၊ မေခလာ၊ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ၊ ရတနာဗိုလ်၊ နန်းဆုရတီစိုး၊ ပိုပို၊ စမိုင်းနဲ့ ထိုင်း-မြန်မာကပြားမင်းသမီး လီလီ စတဲ့ အနုပညာရှင်တွေကလည်း အလှူငွေတွေထည့်ဝင် အကူအညီတွေ ပေးနေကြပါတယ်။

နာမည်ကြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကလည်း ရေဘေးအတွက် ခိုင်နှင်းဝေ ပရဟိတ လူငယ်များအဖွဲ့ကို ငွေကျပ်သိန်း ၃၀၊ ရှမ်းတောင်ပရဟိတညီနောင်များ ကွန်ရက်ကို သိန်း ၃၀ စီ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကလည်း ခိုင်နှင်းဝေ ပရဟိတ လူငယ်များအဖွဲ့ကို ငွေကျပ်သိန်း ၁၀၀၊ တခြားသော ရေဘေးသင့်ပြည်သူတွေအတွက်သာမက တိရစ္ဆာန်လေးတွေ အတွက်ပါ ကူညီကယ်ဆယ်ရေးအတွက် ROYAL HEART : Dog Shelter & Animal Rescue - Mandalay ကတဆင့် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့တာာကို တွေ့ရပါတယ်။

ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ နေပြည်တော် အပါအဝင် ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၅၉ ခုကို ရေလွှမ်းမိုးခဲ့တာပါ။

ပြီးခဲ့တဲ့ရက်တွေက မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းမှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် လူပေါင်း ၅၀၀ ထက်မနည်း သေဆုံးခဲ့ရသလို လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ အနည်းဆုံး လူ ၃၀၀ နီးပါးထိ သေဆုံးခဲ့ပြီး ဒေသတွင်း အဆိုးရွားဆုံး ထိခိုက်မှု ဖြစ်ခဲ့သလို လာအိုမှာတော့ အနည်းဆုံးလူ ၄ ယောက် သေဆုံးခဲ့ကာ  မြန်မာနိုင်ငံမှာလည်း လူပေါင်း ၃၀၀  ကျော် သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံးထုတ်ပြန်ချက်အရ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီ နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၆ သိန်းကျော်အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေ အသီးသီးက ထောက်ပံ့ကူညီနေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီပေးနေပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် တယောက်ကို  ထောက်ပံ့ငွေ ကျပ်  ၈ သိန်း ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန်ခွဲမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုဆိုင်ရာ ရန်ပုံငွေကနေ ကျပ် ၅ သိန်းနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ် ၃ သိန်း စုစုပေါင်း ကျပ် ၈ သိန်းကို ကျန်ရစ်သူ မိသားစုတွေထံ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကလည်း ထပ်ဆောင်းပေးသွားမှာ ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာခံစားခဲ့ရတဲ့ အခြေအနေနဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေအပေါ် မူတည်ကာ လိုအပ်တဲ့ အထောက်အပံ့ ကူညီမှုတွေကို ဆက်လက်စီစဥ် ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၁၈ ရက် မနက်အထိ ကောက်ယူရရှိထားတဲ့ စာရင်းအရ ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံတွင်း  ၅၆ မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာတွေက ပြည်သူ ၂၆၈ ယောက်  သေဆုံးပြီး ၈၈ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လက်တွေ့ မြေပြင်မှာတော့ သေဆုံးသူအရေအတွက် ဒီထက်ပိုများနိုင်ပြီး DVB ရဲ့ စာရင်းအရတော့ သေဆုံးသူ အနည်းဆုံး ၃၀၀ ကျော် ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013