မြန်မာနိုင်ငံဒေသအနှံ့ ဖြစ်ပေါ်ခဲ့တဲ့ရေဘေးမှာ သေဆုံးသွားသူတွေအတွက် တယောက်လျှင် ကျပ် ၈ သိန်း ထောက်ပံ့ပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပေမဲ့ ကာယံရှင် ပြည်သူတွေလက်ထဲ ရောက်ဖို့ မလွယ်ဘူးလို့ ရေဘေးသင့်ပြည်သူတွေနဲ့ ကူညီကယ်ဆယ်ရေး သမားတွေက ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ထောက်ပံပေးဖို့ အောက်ခြေအဖွဲ့အစည်းတွေက စာရင်းကောက်ယူတာ မရှိသေးသလို စစ်ကောင်စီရဲ့ ထောက်ပံ့ရေးကို ရေဘေး သင့်ပြည်သူအများစု ရရှိမှာ မဟုတ်ဘူးလို့ ပရဟိတ လုပ်ဆောင်နေသူတယောက်က DVB ကို ပြောပါတယ်။
"စစ်တပ်က သေတဲ့သူစာရင်းတောင် မှန်အောင်မထုတ်နိုင်သေးဘူး။ ၃ ကြိမ်အထိ ထုတ်ပြန်တာတောင် မနေ့ကအထိ စာရင်းအတည်မပြုနိုင်ဘူး။ ထောက်ပံ့ရေးကလည်း အုပ်ချုပ်ရေးကနေ သွားမှာဆိုတော့ ပြည်သူလက်ထဲရောက်ဖို့မလွယ်ဘူး။”
စစ်ခေါင်းဆောင်ကတော့ ရေဘေးသင့် သေဆုံးသူ တယောက်ကို ကျပ် ၈ သိန်းပေးမယ်လို့ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းတပ်နယ်မှာ စက်တင်ဘာ ၁၈ ရက်က ရေဘေးသင့်ပြည်သူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုဖြစ်စဥ်မှာ သေဆုံးသွားသူတွေကို နိုင်ငံတော်အနေနဲ့ ကျပ် ၅ သိန်းနဲ့ လူမှုဝန်ထမ်းဦးစီးဌာနကကျပ် ကျပ် ၃ သိန်း စုစုပေါင်း ကျပ် ၈ သိန်း ပေးသွားမှာလို့ ဆိုပါတယ်။
လုံးဝပျက်သွားတဲ့အိမ်ဆို ဘယ်လိုပေးမယ်၊ တဲဆိုဘယ်လိုပေးမယ်၊ တိုက်ဆိုဘယ်လိုပေးမယ်၊ ဒေသနဲ့ကိုက်ညီတဲ့နှုန်းထားနဲ့ပေးဖို့ စဥ်းစားထားတယ်။ လူမှုဝန်ထမ်းဝန်ကြီးဌာနကလည်း ဆုံးရှုံးသွားတဲ့လူတွေအတွက် ထောက်ပံ့ပေးမယ် ဆေးကုပေးမယ်လို့ ဆိုပြောပါတယ်။
ပုပ္ပသီရိမြို့ခံတဦးကတော့ "ကျနော်တို့က မမျှော်လင့်ဘူး။ လူမှုဝန်ထမ်းက အရင်တခေါက်က နေပြည်တော်မှာ ရေကြီးတော့ အုတ်တံတိုင်းပြိုသွားတာ ကျပ် ၃၀၀၀၀ ပဲပေးတယ်။ အခုကာလနဲ့ သူတို့ပေးတာ အဆင်မပြေဘူး။ သေတဲ့သူတွေလည်း လူမှုဝန်ထမ်းကပေးတဲ့ ၃ သိန်းပဲရမယ်။ တပ်ကပေးတဲ့ ၅ သိန်းကို ရမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း ရေဘေးသင့်မြို့နယ် ၅၆ မြို့နယ်ရှိပြီး ပြည်သူ ၃၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ လက်တွေ့မြေပြင်မှာ သေဆုံးသူအရေအတွက် ဒီထက်ပိုများ နိုင်သလို တိုင်းရင်းသားဒေသတွေမှာ သဘာဝဘေးကြောင့် သေဆုံးသွားသူတွေရဲ့ စာရင်းကို ထည့်သွင်းတွက်ချက်ခြင်း ရှိမရှိလည်း မသိရသေးပါဘူး။