Home
မြန်မာသတင်း
ရေဘေးနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်၏ပြောဆိုချက်  ဝေဖန်ခံရ   
DVB
·
September 20, 2024

သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေနဲ့ အတူ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုတွေလည်း များပြားခဲ့ကြောင်းနဲ့ အခုအတိုင်းအတာအထိဖြစ်လာမယ်ဆိုတာ မမျှော်မှန်းထားခဲ့ဘူးလို့ စစ်ခေါင်းဆောင်ပြောဆိုချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့စကားဖြစ်တယ်လို့ လေ့လာသူတွေက ဝေဖန် ပြောကြားလိုက်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ အခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ မှန်းဆမှု မရှိခဲ့ဖူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  စက်တင်ဘာ  ၁၇ ရက်က နေပြည်တော်မှာကျင်းပတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ 

ယာဂီအကြွင်းအကျန်လေပွေလှိုင်းတိုက်ခတ်မှုကြောင့်  မြန်မာနိုင်ငံမှာ လူပေါင်း ရာချီသေဆုံးပြီး ထောင်ဂဏန်းလောက်ပျောက်ဆုံးကာ ပြည်သူတွေ သိန်းနဲ့ချီ ရေဘေးသင့်ပြီး  အိုးအိမ်ပျက်စီးမှုတွေက မခန့်မှန်းနိုင်လောက်အောင်များပြားခဲ့ရပါတယ်။

ကြိုတင် သတိပေးချက်တွေ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တဲ့ စစ်ကောင်စီအနေနဲ့က ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေနဲ့အတူ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုတွေလည်း များပြားခဲ့ကြောင်း ပြောဆိုခဲ့တာပါ။ 

လေပွေလှိုင်းရဲ့ နောက်ဆက်တွဲတွေကို ကြိုတင်ခန့်မှန်းထားပေမဲ့ အခုလောက်ထိ ပြင်းထန်မယ်လို့ မမျှော်လင့်ထားကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းကာစမှာ လူထုက ဒီလောက်ထိ တော်လှန်လိမ့်မယ်လို့ မမျှော်ထားခဲ့ကြောင်းပြောဆိုမှုနဲ့ တူညီနေပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ စကားဖြစ်တယ်လို့ တော်လှန်ရေးဦးဆောင်လှုပ်ရှားသူ ကိုတေဇာဆန်းက ဝေဖန်ပါတယ်။

“တနိုင်ငံလုံးမှာ သဘာဝဘေးရေဘေးကို အပြင်းအထန်အလူးအလဲခံစားနေရတဲ့အချိန်မှာ ဒီသဘာဝဘေးအန္တရာယ်ကို ဒီလောက်ထိ မတွက်ဆခဲ့ပါဘူးဆိုပြီးတော့  သူ့ပါးစပ်ကနေ ထုတ်ပြောနေပြန်ပြီ။ ပြောချင်တာက ရှက်တတ်ရင် ဆယ်ခါပြန်လဲသေလို့ရတဲ့ ဆယ်ခါပြန်နုတ်ထွက်လို့ရတဲ့ အခြေအနေပါ။ ဒါပေမဲ့ သေချာတယ် ဒီမင်းအောင်လှိုင်စစ်အုပ်စုမှာ အရှက်တရားအကြောက်တရား၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာသူတို့နဲ့  လားလားမှ မအပ်စပ်တဲ့ ကိစ္စပေါ့ဗျာ။ ပြောချင်တာကတော့ မင်းအောင်လှိုင်စစ်အုပ်စု အာဏာသက်ဆိုးရှည်နေသရွေ့ ကျနော်တို့ တိုင်းပြည်က လူမှုဒုက္ခမျိုးစုံပေါ့ဗျာ၊ လူလုပ်ဘေး သဘာဝဘေးမျိုးစုံ ကြုံတွေ့ခံစားနေကြရမှာဖြစ်တယ်။ အလားတူပဲ ကျနော်တို့က ပြည်သူကနေ ပြည်သူ စာနာဖေးကူရင်းနဲ့ပဲ ဒီတော်လှန်ခရီးကြမ်းကို ဆက်လက် ချီတက်ကြရမှာလည်းဖြစ်ပါတယ်။”

စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရပ်ဘက်အဖွဲ့တွေကလည်း မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ပြီး အရပ်သားလက်ထက်က ကြိုတင်စီစဉ်ထားတဲ့ သဘာဝဘေးဒဏ်နဲ့ ရာသီဥတုဆိုင်ရာ စီမံကိန်းတွေကိုလည်း စစ်ကောင်စီက အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ NLD အစိုးရလက်ထပ်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတိပေးချက်စီမံကိန်းတွေမှာ ပါဝင်ခဲ့တဲ့ သုတေသီ ဒေါက်တာလွင်လွင်ဝေက ပြောပါတယ်။

“ပြောရမယ်ဆိုရင် NLD အစိုးရလက်ထက်မှာလည်း climate change နဲ့ပတ်သက်တဲ့ Plan တွေ Master plan တွေ ရေးဆွဲခဲ့တာတွေလည်း ရှိတယ်ပေါ့။ ဒီလိုမျိုး ရေးဆွဲခဲ့ပြီးသား  အစီအစဉ်တွေမှာလည်း အကောင်အထည်ဖော်နိုင်ဖို့ မရှိဘူးပေါ့။ စစ်အစိုးရအနေနဲ့ စစ်ရေးကာလတွေ သူ့ရဲ့ နိုင်ငံရေး အခက်အခဲကိုပဲ ဖြေရှင်းနေရတဲ့ ကာလမျိုး ဖြစ်တဲ့အချိန်မျိုးလို့ ခန့်မှန်းရတယ်။ ဒါ့ကြောင့် ဒီဘက်က သဘာဝဘေးဒဏ်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ ရာသီဥတု ပြောင်းလဲမှုနဲ့ပဲ ဖြစ်ဖြစ် လူထုရဲ့ လူမှုစီးပွားအခြေအနေနဲ့ပဲ ဖြစ်ဖြစ်၊ ဒီပြဿနာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အနေအထားမှာ ရှိမနေဘူး။ အဲဒီလိုအခြေအနေမရှိသလို ဒီသဘာဝဘေးဒဏ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွမ်းကျင်ပညာရှင်တွေ နောက် သဘာဝဘေးဒဏ်နဲ့ ပတ်သက်ပြီး အလုပ်လုပ်ခဲ့တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေ ဒါတွေအားလုံး အားနည်းမှုရှိတဲ့အတွက်ကြောင့် သူ့အနေနဲ့ကိုင်တွယ် ဖြေရှင်းနိုင်တာမျိုး မဟုတ်တာတွေ့ရတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီအာဏာသိမ်းတယ်ဆိုတဲ့ စစ်အာဏာရှင်စနစ်၊ နိုင်ငံရေးစနစ်နဲ့ အလုပ်မလုပ်ဘူးဆိုတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကနေ အများဆုံးထွက်ခွာသွားတာလည်း ဖြစ်တယ်ပေါ့။”

ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် စက်တင်ဘာ  ၁၉ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၂၉၃ ယောက်ရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ထားပေမဲ့  DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရကတော့ သေဆုံးသူ ၃၄၂ ဦးရှိလာပြီဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၆ သိန်းကျော်အထိ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။ 

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013