Home
မြန်မာသတင်း
ရေဘေးအတွက် ကူညီသလို သန်းခေါင်စာရင်းအတွက်လည်း ကူညီရန် စစ်ခေါင်းဆောင် ပြော
DVB
·
September 22, 2024
MinAungHlaingOffer_22092024

ရေဘေးအတွက် လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ ကူညီသလို သန်းခေါင်စာရင်း ကောက်ရာမှာလည်း ပါဝင်ကူညီပေးဖို့ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော်၊ မြို့တော်ခန်းမမှာ ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းရှင်တွေက ကျပ်သန်းပေါင်း ၃၂ ဒသမ ၂ ဘီလီယံ ပေးအပ်ခဲ့ပြီး စစ်ခေါင်းဆောင်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“စုပေါင်းအားနဲ့ ကျနော်တို့ ကျော်လွှားရမှာဖြစ်ပါတယ်။ ဒီနေ့ ခင်ဗျားတို့လှူတဲ့ ပိုက်ဆံက ၃၁ ဘီလီယံကျော်(ကနဦးရငွေ)ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး။ ကျနော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအစီအစဉ် ရှိပါတယ်။ ဒီမှာလည်း အောင်မြင်အောင်လည်း ဝိုင်းကူညီပေးကြဖို့နဲ့ အဲဒီက နောက်ဆက်တွဲက ကျနော်တို့က ဒီအပေါ်မှာ အခြေခံပြီးတော့ မဲစာရင်းတွေ ပြုစု၊ ပြီးလို့ရှိရင် ရွေးကောက်ပွဲတွေ ကျနော်တို့လုပ်ပြီးတော့ နိုင်ငံတော်ကို ပြည်သူ ရွေးချယ်တဲ့ လမ်းကြောင်းအတိုင်း သွားကြဖို့ပဲ ဖြစ်ပါတယ်၊ ဒီမှာလည်း ဝိုင်းဝန်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ပြောခဲ့တာပါ။

မြန်မာနိုင်ငံတဝန်း ရေဘေးသင့်ပြီး ပြည်သူသိန်းနဲ့ချီ စိတ်သောကရောက်နေချိန်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် ရေဘေးသင့်ပြည်သူတွေ မိမိနေရပ်ကို အမြန်ပြန်နိုင်အောင် စီစဉ်ပေးဖို့ အုပ်ချုပ်ရေးအဖွဲ့တွေကို မှာထားတယ်လို့လည်း ပြည်ထဲရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“တပ်က ရေဘေးသင့်တွေကို အမြန်ပြန်ဖို့ ပေးစရာရှိတဲ့ အလှူငွေတွေပေး အိမ်ပြန်ဆောက်ဖို့ လိုအပ်တာတွေ လုပ်ပေးဖို့ ပြောတယ်။ ရေဘေးသင့်တွေ အိမ်အမြန်ရောက်မှ သန်းခေါင်စာရင်း ကောက်လို့ရမှာ။ အဲဒါကြောင့် လူအင်အားသုံးပြီး ထူထောင်ရေးလုပ်ဖို့ ညွှန်ကြားထားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေကို ပစ်မှတ်ထားမှာကို စိုးရိမ်နေကြတာတွေလည်းရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013