Home
ဆောင်းပါး
အာဏာအဆိပ် ငယ်ထိပ်တက်နေသူ မြောက်ရှုံး ရန်နိုင်မင်းရဲ့ နောက်ဆုံးကောက်ရိုးမျှင်များ
DVB
·
September 21, 2024
Design-DVB

ဒီကနေ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတာ ကိုယ်ကျင့်သီလ ဆိုးသွမ်းယုတ်မာမှု ကမ်းကုန်နေရုံသာမက အာဏာအဆိပ် ငယ်ထိပ်ထိတက်လို့ သွက်သွက်ခါရူးသွပ်ပြီး ဆင်ခြင်တုံတရားမဲ့နေတဲ့ စစ်မကောင်းဆိုးဝါးအုပ်စု ဖြစ်ပါတယ်။ အဲဒီ စစ်မိစ္ဆာ ဘီလူးသဘက်အုပ်စုရဲ့ ခေါင်းဆောင်ဟာ ဘာနဲ့တူသလဲလို့ ဥပမာပေးရရင် မြို့လယ်ကောင် ဈေးအတွင်း လူစည်ကားတဲ့နေရာမှာ နံလည်းနံ အံလည်းအံချင်စရာ ချီးထုပ်ကြီးတရမ်းရမ်း လှည့်ပတ်မွှေ့နေတဲ့ ပုဆိုးမနိုင် ငယ်ပါမနိုင် အရူးတကောင်လိုပါပဲ။

အာဏာငမ်းဖမ်းနေတဲ့ မင်းအောင်လှိုင်ဟာ သူတို့အတွက် အားကိုးအားထားစရာ နောက်ဆုံးကောက်ရိုးမျှင်တွေထဲက တမျှင်ဖြစ်တဲ့ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေကို မိုက်ရိုင်းရူးသွပ်စွာနဲ့ တနိုင်ငံလုံးအနှံ့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတွေကို၊ စစ်ရေးပစ်မှတ် မဟုတ်တာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် သတ်ဖြတ်လာတာဟာ သူတို့ စစ်မရှုံး‌ရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တော့မယ်ဆိုပြီး ပြောခဲ့တာကို အကောင်အထည်ဖော်လာတာပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ပြန်တဲ့ မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျု (IISS) ရဲ့ The Military Balance 2024 အစီရင်ခံစာအရဆိုရင် မြန်မာမိစ္ဆာလေတပ်မှာ တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်တဲ့ လေယာဉ်၊ ရဟတ်ယာဉ် ၁၇၅ စင်း ရှိပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားရတဲ့ အဲဒီလေယာဉ်၊ ရဟတ်ယာဉ်တွေကို သူတို့အာဏာတည်မြဲဖို့ အသုံးချပြီး အရပ်သားပြည်သူလူထုကို ရမ်းကားကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်နေတာဟာ လုံးဝခွင့်မလွှတ်ထိုက်တဲ့ စစ်ရာဇဝတ်မှုကြီးတွေ ဖြစ်ပါတယ်။

ကလေးသူငယ်တွေကတောင် လေယာဉ်ပျံမြင်ရင် ဖိနပ်နဲ့ပေါက် မောင်းထုတ်ခံနေရပြီး အများပြည်သူက အော့ကြောလန် မုန်းတီးခံနေရတဲ့ မိစ္ဆာလေတပ်ရဲ့ ပရမ်းပတာ မကောင်းသူထိပ် ကောင်းသူထိပ် ဗုံးကြဲမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ အများအပြား သေဆုံးရသလို အာဏာရှင်တပ်ဘက်က စစ်ကျွန်သဘောက်တွေလည်း သေဆုံးကြရတဲ့ သတင်းလည်း ဖတ်ခဲ့ကြရပါတယ်။

နိုင်ငံအနှံ့အပြားက စစ်မျက်နှာအသီးသီးမှာ စစ်ရှုံးနေတဲ့ စစ်အကြမ်းဖက် ဓားပြဂိုဏ်းဟာ လေတပ်အားကိုးနဲ့ ဆေးရုံ ဆေးခန်း၊ စာသင်ကျောင်း၊ စျေး၊ ဘာသာရေးအဆောက်အအုံ စတဲ့ လူနေထူထပ်ရာ နေရာတွေနဲ့ သူတို့စစ်ရှုံးလို့ စွန့်လွှတ်ခဲ့ရတဲ့ စခန်းဟောင်းတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ ပြည်သူလူထုရော စစ်သဘောက်သုံ့ပန်းတွေပါ သေဆုံးနေရတယ်လို့ AA (ရခိုင်)၊ TNLA (တအာင်း)၊ MNDAA (ကိုးကန့်) အဖွဲ့‌တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

မိစ္ဆာလေတပ် ဗုံးကြဲမှုကြောင့် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အတွင်းမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အစုလိုက်အပြုံလိုက် အရပ်သားသေဆုံးမှုတွေ အနေနဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာက ၉ ဦး၊ နမ့်ခမ်းမြို့ပေါ်က ၁၁ ဦး၊ ဖယ်ခုံမြို့နယ် ဘန်ကောက် စစ်ဘေးရှောင်စခန်းက ၉ ဦး၊ မြိုင်မြို့နယ် လက်ယက်မ စာသင်ကျောင်းက ၆ ဦးနဲ့ ပေါက်တောမြို့နယ် ရှင်ရွာက ၁၇ ဦး၊ မောင်တောမြို့နယ်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၂) က ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF တွေက ထိုးစစ်ဆင် သိမ်းပိုက်လို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေအားလုံး အထူးသဖြင့် လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရန်နိုင်မင်း စစ်ဆင်ရေးဆိုတာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး တိုက်ပွဲမျက်နှာစာ အသီးသီးမှာ ကျရှုံး အရေးနိမ့်ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း အားနည်းနေတာမို့ ငရဲသွားခါနီး သွေးပျက်ထိတ်လန့်နေတဲ့ မ‌ကောင်းဆိုးဝါး ခွေးရူးတကောင်ရဲ့ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလို လက်လှမ်းမီရာ ကောက်ရိုးမျှင်ကို ဆွဲယူရုန်းကန်မှု တခုသာပါပဲ။

လက်နက်အင်အားကြီးသူသာ ဗိုလ်ကျစိုးမိုးလို့ရတယ်ဆိုတဲ့ ခပ်ညံ့ညံ့ အောက်တန်းစား အတွေးအခေါ်နဲ့ မင်းအောင်လှိုင်တို့ စစ်ဓားပြဂိုဏ်းဟာ ပြည်သူလူထုထောက်ခံမှု မရဘဲ ဂျက်တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေရှိရင် စစ်နိုင်မယ် ထင်နေတာဟာ သေနင်္ဂစစ်ဗျူဟာကို နားမလည်တာလား၊ သိပါလျက်နဲ့ မိုက်တွင်းဆက်တူးနေတာလား ဆိုတာကတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။

မြောက်ရှုံးရန်နိုင်မင်းနဲ့ လက်ပါးစေ စစ်မိစ္ဆာတသိုက် အားကိုးတဲ့ မိစ္ဆာလေတပ်နဲ့ ပေါင် ၅၀၀ ဗုံး၊ ဝေဟင်က မြေပြင်ပစ် မစ်ဇိုင်းဒုံးတွေဆိုတဲ့ ကောက်ရိုးမျှင်ဟာ အချိန်မရွေး ပြတ်ထွက်သွားနိုင်ပါတယ်။ လက်ရှိ မိစ္ဆာလေတပ်ထဲက စစ်ဗိုလ်စစ်သားတွေ ဆိုတာဟာလည်း ဒီနိုင်ငံသားတွေပါပဲ။ ကိုယ့်ပြည်သူကို ပြန်ဗုံးကြဲနေရတဲ့၊ ကိုယ့်ရပ်ရွာဇာတိမြေကို ဖျက်ဆီးသတ်ဖြတ် ဗုံးကြဲနေရတဲ့ အကုသိုလ်စိတ်နဲ့ လိပ်ပြာမလုံမှုဟာ မိစ္ဆာတပ်အကုန်လုံးမှာ မကူးစက်သေးပေမဲ့ တချို့ လူစိတ်နည်းနည်းကျန်သေးတဲ့သူတွေ ကျန်နေသေးတာမို့ တချိန်ချိန်မှာ နောက်ပြန်လှည့်ပစ်မှု Back Fire တွေ ဖြစ်လာမှာ သေချာပါတယ်။

မြောက်ရှုံးရန်နိုင်မင်း အားကိုးတဲ့ နောက်ထပ် ကောက်ရိုးမျှင်ကတော့ တသောင်းပေးရင် ခေါ်လို့ရတဲ့ စစ်အာဏာရှင်လက်ဝေခံ ပြည်သူတချို့၊ အမျိုးသားရေးအမည်ခံ ဘာသာခြား မုန်းတီး‌ရေးသမားတွေ၊  စွမ်းအားရှင် ပျူစောထီး စတဲ့ လူဆိုးလူမိုက်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ “ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု” အမည်ခံ အဖွဲ့ပါပဲ။

ဒီကောက်ရိုးမျှင်ကလည်း အလွယ်တကူ ပြတ်တောက်မှာမို့ သူတို့ရဲ့အာဏာကို အကာအကွယ် မပေးနိုင်တာ သေချာလှပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ဒီအဖွဲ့ထဲ ပါဝင်သူတွေဟာ မှားယွင်းတဲ့ နိုင်ငံရေးအမြင်၊ လွဲချော်နေတဲ့ လူမျိုးရေး ဘာသာခံယူချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်သိက္ခာကို ပိုက်ဆံနဲ့‌ အခွင့်ထူးခံခွင့်နဲ့ လဲစား ရောင်းစားကြတဲ့ ကြေးစားလူတန်းစားတွေက အများစု ဖြစ်နေလို့ပါပဲ။ တကယ်တမ်း ကျဉ်းထဲကြပ်ထဲ ရောက်လာရင်၊ သူတို့အတွက် အကျိုးမရှိနိုင်တော့ဘူးဆိုရင် မိခင်အဖွဲ့အစည်းကို စွန့်ခွာကြမယ့်သူတွေ များပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တိုက်တိုင်းရှုံးနေတဲ့ အာဏာအဆိပ် ငယ်ထိပ်တက်နေသူ မြောက်ရှုံးရန်နိုင်မင်းနဲ့ စစ်ကျွန်သဘောက်အုပ်စု အားကိုးတကြီး ဆွဲငင်နေကြတဲ့ ကောက်ရိုးမျှင်တွေဖြစ်တဲ့ လေ‌ကြောင်းက အသာစီးယူ တိုက်ခိုက်နိုင်မှုဆိုတဲ့ ကောက်ရိုးမျှင်နဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အမည်ခံ ခိုးဆိုးလုယက် ဓားပြအဖွဲ့ ကောက်ရိုးမျှင်တွေဆိုတာ  သူတို့အာဏာနဲ့ ဘဝတွေကို ကယ်ဆယ်ပေးနိုင်ဖို့ ခိုင်ခံ့တောင့်တင်းမှု မရှိကြတာကို ကျဆုံးသွားပြီဖြစ်တဲ့ အောင်ဇေယျစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေးတွေက သက်သေပြုခဲ့ပြီးသား ဖြစ်ပါတယ်။

အထက်က ကောက်ရိုးမျှင်အားလုံးဟာ နောက်ပြန်မလှည့်တော့တဲ့ ပြည်သူတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်‌ရေး အင်အားစုတွေရဲ့ တလှိုင်းပြီး နောက်တလှိုင်း ထပ်ဆင့်လှိုင်းတွေ အရှိန်အဟုန်ကြီးမားစွာ ထိုးနှက်တိုက်ခိုက်လာတဲ့ နွေဦးတော်လှန်ရေး လှိုင်းလုံးကြီးတွေ အောက်မှာ ပြတ်တောက်မျောပါလို့ လက်နက်အားကိုး ဗိုလ်ကျဖိနှိပ်သူတို့ရဲ့ သမိုင်းနိဂုံးကို အဆုံးသတ်ပေးနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024