ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ ဘာဖြစ်ဖြစ် ဘေးကနေ ရပ်တည်ပေးခြင်းအားဖြင့် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ဒါမှသာ လာမယ့် ၁၈ လအတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝိတ်ကာ-အုဇ်-ဇာမန်က ပြောပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ အစိုးရကို ကျောင်းသားတွေ ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြချိန်မှာ ဘင်္ဂလားတပ်မတော်က အင်အားသုံးနှိမ်နင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ကို ၁၅ နှစ်ကြာ အုပ်စိုးနေတဲ့ ဟာဆီနာဟာ အိမ်နီးချင်း အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကို သူ့အနေနဲ့ အပြည့်အဝေထာက်ခံပြီး စစ်ဘက်ရဲ့ နိုင်ငံရေးဩဇာလွှမ်းမိုးမှု ဖယ်ရှားဖို့ လမ်းကြောင်းပါ ချမှတ်ထားတယ်လို့ ဗိုလ်ချုပ်ကြီးဇာမန်က ပြောပါတယ်။
“ကျနော် သူ့ဘေးက ရပ်ပေးမှာပါ၊ ဘာပဲဖြစ်ဖြစ်ပါ။ ဒါမှသာ သူ့မစ်ရှင်ကို သူအောင်မြင်နိုင်မှာပါ။”
ကမ္ဘာ့အသေးစားချေးငွေလှုပ်ရှားမှုမှာ ဦးဆောင်ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ယူနွတ်ဟာ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့အစည်းအတွေအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ်၊ ပြီးတဲ့အခါမှာ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် လူဦးရေအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးသွားမယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ တနှစ်ကနေ တနှစ်ခွဲလောက်တော့ ကြာမယ်လို့ ဗိုလ်ချုပ်ကြီး ဇာမန်က မှတ်ချက်ချပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိကပါတီကြီး ၂ ခုဖြစ်တဲ့ ဟာဆီနာရဲ့ အဝါမီလိဂ် ပါတီနဲ့ ခါးသီးတဲ့ ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) တို့ဟာ ကြားဖြတ်အစိုးရတက်ပြီး သုံးလအတွင်း ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုထားခဲ့ကြပါတယ်။
ယာယီဝန်ကြီးချုပ်ရာထူးနဲ့ အလားတူတဲ့ လက်ရှိ ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် ယူနွတ်ဟာ အပတ်တိုင်း သူနဲ့တွေ့ဆုံဆွေးနွေးသလို ဆက်ဆံရေးလည်း ကောင်းတယ်လို့ စစ်ဦးစီးချုပ်က ဆိုပါတယ်။
Source-Reuters