မွန်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မွန်ပြည်သူတွေကို စစ်အာဏာရှင်စနစ်အောက်ထဲ ပြန်သွင်းမယ့် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းဆန့်ကျင် တိုက်ဖျက် သွားမယ်လို့ မွန်တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။
စစ်အာဏာရှင် အသက်ဆက်နိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲထဲဝင်မယ့် မွန်ဒေသထဲ က ဘယ်နိုင်ငံရေးပါတီကိုမဆို ပြည်သူတွေသိအောင် နိုင်ငံရေးအစုအဖွဲ့တွေက နိုင်ငံရေးနည်းအရ ဆန့်ကျင်သွားမှာဖြစ်ကြောင်းနဲ့ စစ်ရေးပိုင်း လှုပ်ရှားနေတဲ့ လူငယ်တွေအနေနဲ့ စစ်ရေးနည်းအရ ဆန့်ကျင်သွားဖို့ ရှိတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တာဝန်ခံ မင်းသံလွင်က DVB ကို ပြောပါတယ်။
“ကျနော်တို့ မွန်ပြည်သူတွေ မဲပေးခဲ့တဲ့ မွန်ပါတီက ပြည်သူလူထုအတွက်ဆိုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တယ်။ အာဏာသိမ်းပြီး ၃ နှစ်အတွင်းထဲမှာလည်း ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ လူထုရဲ့ ပိုင်ဆိုင်မှုတွေ မီးလောင်ပြီးမှ၊ ထိခိုက်သေဆုံးပြီးမှ လာကူညီထောက်ပံ့ပေးတာလောက် အတွက်နဲ့ ကျနော်တို့ မွန်ပြည်သူတွေက ထောက်ခံမဲပေးခဲ့ကြတာမှ မဟုတ်တာ။”
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းတိုက်ဖျက်ရာမှာ အကျိုးဆက်အနေနဲ့ သူတို့ လုပ်နေကျအတိုင်း မတရားဖမ်းဆီးစစ်ဆေးတာ၊ စစ်ကြောင်းထိုးတာ အပါအဝင် ကျေးရွာ တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်လာနိုင်ကြောင်း သူက ဆက်ပြောပါတယ်။
တော်လှန်ရေးမှာ ပါဝင်နေတဲ့ မွန်လူငယ်တွေအနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတရပ်ကို အခုစက်တင်ဘာလအတွင်း လွတ်မြောက်နယ်မြေမှာ ကျင်းပခဲ့ကြကာ စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်စေရေး ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန် တိုက်ဖျက်သွားဖို့ဆိုတဲ့ အချက်အပါအဝင် ဘုံသဘောတူညီချက် ၄ ချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်သေချာတဲ့ လူဦးရေ စာရင်းတွေ ကောက်ယူနိုင်မှာ မဟုတ်သလို အဲဒီစာရင်းတွေဟာလည်း မှန်ကန်မှာမဟုတ်လို့ ဝါဒဖြန့် ရုံ သက်သက်ပဲလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တယောက်ကပြောပါတယ်။
“စကစအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပစ်ပယ်ပြီးတော့ အရင်ဆုံး အာဏာသိမ်းပြီးမှ ရွေးကောက်ပွဲလုပ်မယ် ဆိုတာက ဘယ်လိုမှ ယုံကြည်လို့မရတဲ့ အခြေအနေပါ။ ပြောရရင် ဝါဒဖြန့်ချိရေး သက်သက်ပဲ။ ဘယ်နိုင်ငံမှ အသိအမှတ်ပြုမှာမဟုတ်ဘူး။”
မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဘုံသဘောတူညီချက်ကိုတော့ မွန်ဖက်ဒရယ်ကောင်စီ-လူငယ်ကိုယ်စားလှယ် (MSFC)၊ ရာမညဖက်ရယ်အင်အားစုသစ် (NRFF)၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSDF)၊ ရေးပြောက်ကျားတပ် (YGF)၊ ရာမညလူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ တခြားအဖွဲ့ ၄ ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ခဲ့ကြတာပါ။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ လက်ရှိမှာ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ဖို့အတွက် မွန်ပြည်နယ်ထဲက မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးဝန်ထမ်း၊ ကျောင်းဆရာ ဆရာမ၊ မီးသတ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ တပ်သားတွေကို စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွေ ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။