ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တလုပ်လပ်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားပြီး လူနေအိမ် ၃ လုံးကို အရေးပေါ် ဖြိုဖျက် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မနက်က စတင်ပြီး တိုးမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျလာပြီး အောက်ပိုင်းကျေးရွာက နေအိမ် ၃ လုံးကို ဖျက်သိမ်းကာ ကမ်းပြိုဘေးလွတ်တဲ့ဆီ ပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။
ကူညီရွှေ့ပြောင်းပေးသူ ဒေသခံတယောက်က “မြစ်ကမ်းပါး ပေ ၁၀၀ နီးပါးအထိ ပြိုကျလာတယ်။ ဆက်နေရင် အန္တရာယ်ရှိလာနိုင်လို့ အုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ ရွှေ့ပြောင်းရတာ။ လက်ရှိ သဘာဝဘေးသင့် ဒေသခံတွေက အိမ်သစ်ပြန်ဆောက်ဖို့ အကူအညီတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။
ပြောင်းရွှေ့ထားရတဲ့ ဒေသခံတွေဟာ လတ်တလော မိသားစုတွေရဲ့ နေအိမ်တွေနဲ့ တာပေါင်တွေအပေါ် ယာယီတဲထိုး နေထိုင်နေရပြီး နေအိမ်ပြန်လည်တည်ဆောက်ဖို့ မြေနေရာနဲ့ တခြားအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
သဘာဝဘေးဒဏ်သင့် ဒေသခံတယောက်က “နေအိမ်ဖျက် ပြောင်းရွှေ့ရတာက အန္တရာယ်ရှိတဲ့ အခြေအနေကြောင့်ပါ။ ကြိုတင်ပြောင်းရွှေ့ခဲ့လို့ အိမ်တွေလောက်ပဲ ဆုံးရှုံးတာ။ အခုကမ်းပြိုကျတဲ့ နေရာအနီးမှာ သဲစုပ်၊ ကျောက်စုပ်တာတွေ များလာတော့ အခုလို ကမ်းပြိုကျမှုတွေ ဖြစ်လာတာ” လို့ ပြောပါတယ်။
မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျလာတဲ့အတွက် သွပ်မိုး၊ ပျဉ်ကာနေအိမ်နဲ့ ဓနိမိုး နေအိမ်တွေကို အရေးပေါ် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကမ်းပါးပြိုကျမှု ဆက်လက်ဖြစ်ပွားနေပြီး ရေရှည်အတွက် စနစ်တကျကမ်းထိန်းကာကွယ်ရေး လုပ်ငန်းတွေ အချိန်မီမလုပ်နိုင်ပါက ကမ်းပြိုကျမှု ပိုမိုဆိုးရွားလာနိုင်ပြီး ပျက်စီးဆုံးရှုံးမှု များလာနိုင်တယ်လို့ ဆိုပါတယ်။




