
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှာ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီး အရေးယူခံထားရသူ ၆၀ ကျော်ရှိပေမဲ့ အချုပ်ခံထားရသူ ၃ ယောက်နဲ့ အကျဉ်းထောင်မှာ အကျဥ်းချခံထားရသူ ၄ ယောက် စုစုပေါင်း ၇ ယောက်သာ ပြန်လွတ်လာတယ်လို့ မအူပင်မြို့ခံတွေဆီက သိရပါတယ်။
မအူပင်ထောင်မှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ချခံထားရသူ အမျိုးသား ၄ ယောက်နဲ့ ပြစ်ဒဏ်မချမှတ်သေးဘဲ ပုဒ်မ ၅၀၅-က နဲ့ အချုပ်ချခံထားရတဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက် စုစုပေါင်း ၇ ယောက်ကို နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။
မအူပင်အကျဥ်းထောင်နဲ့ နီးစပ်တဲ့ မြို့ခံတယောက်က “မအူပင်မြို့မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးအကျဥ်းချခံထားရသူ ၆၀ ကျော်ရှိတယ်။ အဖမ်းခံရသူတွေထဲမှာ နိုင်ငံရေးနဲ့မပတ်သက်ဘဲ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေနဲ့ အဆင်မပြေဖြစ်လို့ ပုဒ်မ ၅၀၅ -က နဲ့ အရေးယူခံထားရသူတွေလည်း ပါတယ်။ သားသမီး တော်လှန်ရေးတပ်ဖွဲ့တွေထဲ ရောက်နေလို့ မိဘကို မကြာခဏ ခြိမ်းခြောက် ငွေတောင်းနေပြီး ငွေကြေးမပေးနိုင်တဲ့ အဆုံးမှာ ပုဒ်မ ၅၀၅-က တပ်ပြီး ထောင်ထဲ အထည့်ခံရသူတွေလည်း ရှိတယ်။ ခုလွှတ်ပေးတော့ ပုဒ်မ ၅၀၅-ကနဲ့ အဖမ်းခံရသူ ၇ ဦးပဲ ပါတယ်” လို့ ပြောပါတယ်။
မအူပင်မြို့မှာက ပုဒ်မ ၅၀၅-က နဲ့ စွပ်စွဲဖမ်းဆီးခံရသူ အနည်းဆုံး ၁,၀၀၀ နဲ့ ၁၅၀၀ ကြားရှိနိုင်ပြီး တချို့တွေက ငွေပေးနိုင်လို့ ပြန်လွတ်လာကြကာ ကျန်တဲ့သူတွေက ပုဒ်မ ၅၀၅-က အပြင် အခြား ပုဒ်မတွေပါ ထပ်တပ်ခံထားရလို့ ပြန်မလွတ်တာလို့ မြို့ခံတွေဆီက သိပါတယ်။
ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအတွက်ဆိုပြီး စစ်ကောင်စီက တနိုင်ငံလုံးရှိ အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၃,၀၈၅ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး တရားရင်ဆိုင်နေရဆဲ ၅,၅၈၀ ယောက်ကို အမှုပိတ်သိမ်းပေးကြောင်း နိုဝင်ဘာ ၂၆ ရက်က ကြေညာခဲ့တာပါ။


