နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲနဲ့ တော်လှန်ရေးရုပ်ရှင် “ပြုံးပြုံးလေး” ပြပွဲကို ကနေဒါနိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက တိုရန်တိုမြို့ရှိ Innis Town hall မှာ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက ကျင်းပပါတယ်။
အဲဒီဆုတောင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်း နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့က အွန်လိုင်းကနေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီဆုတောင်းပွဲမှာ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပြီး အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ပြုံးပြုံးလေး’ တော်လှန်ရေးရုပ်ရှင်ကားကို ပြသခဲ့ပြီး အဲဒီကနေ ရလာတဲ့ အလှူငွေတွေ အားလုံးကို မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေဆီကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။





