
ပြီးခဲ့တဲ့ ၂၀၂၅ ခု မတ်လအတွင်းက ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်း နေပြည်တော်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ်ပိုလုပ်လာရပေမဲ့ လုပ်သားရှားပါးတာကြောင့် ထင်သလောက် အလုပ်မဖြစ်ဘူးလို့ ဆောက်လုပ်ရေးကန်ထရိုက်အချို့က ပြောပါတယ်။
မတ်လအတွင်းက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်မှာ ဌာနဆိုင်ရာအဆောက်အဦတွေ၊ လူနေအိမ်တွေ၊ အများအပြားပျက်ဆီးဆုံးရှုံးခဲ့ပြီး အခုအချိန်မှာတော့ ဝန်ထမ်းအိမ်ရာတွေ ပြန်လည်တည်ဆောက်တာတွေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ အများအပြား ဆောင်ရွက်နေကြတာပါ။
ဒါပေမဲ့ အဓိကကျတဲ့ အခြေခံလုပ်သားရှားပါးမှုဒဏ်ကြောင့် လုပ်ငန်းတွေ ထင်သလောက် မတွင်ကျယ်ဘူးလို့ ကန်ထရိုက်တယောက်က ပြောပါတယ်။
“လူငယ်တွေက မရှိတော့ဘူးလေ။ ဘယ်ကိုကြည့်ကြည့် အကုန်နိုင်ငံခြားထွက်ကုန်ကြပြီ။ စစ်မှူထမ်းကြောက်နေရတာနဲ့ ဘယ်သူမှ မနေရဲတော့ဘူး။ အဲဒီတော့ အလုပ်က မဖြစ်တော့ဘူး။ လေဘာကို ရှာမရဘူးဖြစ်နေတာ အခုက။”
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအနှံ့အပြားက လူငယ်အများစု ပြည်ပနိုင်ငံတွေကို အသီးသီးထွက်ခွာနေကြီး မြို့ရွာတွေမှာ လူငယ်အမျိုးသားတွေ မရှိသလောက် ရှားပါးလာခဲ့တာပါ။
ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ လူငယ်အများစုမဲပေးတာကို တွေ့ရတဲ့အတွက် နိုင်ငံအတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ အခုရက်ပိုင်းလုပ်တဲ့ နေပြည်တော် လူငယ်ဖိုရမ်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါသေးတယ်။


