
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မနက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်ရှိ မဲရုံအမှတ် (၁) မှာ မဲလာပေးသွားပြီး တပ်မတော်ကလုပ်တဲ့ ရွေးကောက်ပွဲ နာမည်ပျက်မခံဘူးလို့ ပြောကြားလိုက်ပါတယ်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ဒီနေ့မနက် ၆ နာရီက စတင်ကျင်းပတာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ဇနီးတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေ လာရောက် ဆန္ဒမဲပေးသွားတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
စစ်ခေါင်းဆောင်က ဆန္ဒမဲပေးပြီးချိန်မှာ မဲရုံကို လာရောက်သတင်းရယူကြတဲ့ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကိုလည်း ပြန်လည်ဖြေကြားသွားတယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က "လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင်သိမှာပါ။ ဒီနေ့ ညနေကျရင် အသံတွေ ထွက်လာမှာပဲလေ။ အဲခါကျရင် ပြောလို့ရတာပေါ့။ လွတ်လပ်မှုရှိလား မရှိလားဆိုတာ။ ကျနော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အာမခံထားတာ။ တပ်မတော်က လုပ်တာ။ နာမည်ပျက်မခံဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ်။ တော်တော်ဆိုးဆိုး ဝါးဝါးကိုဖြစ်ခဲ့တာ။ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ။ ကျနော်က တကယ်စစ်ခဲ့တာ။ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာ။ ဘယ်လိုမှကို နားလည်ပေးလို့ မရလို့ ဒီအခြေအနေထိရောက်ခဲ့တာ”လို့ ပြောပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ ၁၀၂ မြို့နယ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ် မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


