
အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်ဒီနေ့ စတင်ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ မဲပေးရမဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွရဲ့ ဝန်ထမ်းတွေအနေနဲ့ မဲပေးပြီးတဲ့ကြောင်း အထောက်အထားကို သက်ဆိုင်ရာဌာနအလိုက် ပြန်တင်ပြနေရတယ်လို့ နေပြည်တော်က ဝန်ထမ်းတယောက်က ပြောပါတယ်။
နေပြည်တော် ဝန်ထမ်းတယောက်က “လက်သန်းကို မင်တို့ထားတာဖြစ်ဖြစ် မဲစာရင်းက လက်မှတ်ဖြစ်ဖြစ် တခုခု ဓာတ်ပုံရိုက်ပြီး ပြန်ပို့ရတယ်။ ငလျင်တုန်းက ပြိုသွားတဲ့အိမ်ရာတွေကျတော့ ရွေးကောက်ပွဲပြီးမှ ဆိုပြီး ပြင်တာတွေ ပြန်ဆောက်တာတွေ ရပ်ထားပြီး မဲပေးခိုင်းတာ။ မဲမပေးချင်ပေမဲ့ အောင့်သက်သက်နဲ့ ပေးရတာပေါ့” လို့ DVBကို ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက မဲပေးရမဲ့ မဲရုံနံပါတ်၊ မဲစာရင်း နံပါတ်စတာတွေကို ဌာနကို တင်ပြခိုင်းသလို မဲပေးရမဲ့ နေ့မှာလည်း ဝန်ထမ်းအားလုံးစုပြီး မဲသွားပေးခိုင်းတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီကနေ့လုပ်နေတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ နေပြည်တော်က ၈ မြို့နယ်စလုံးပါဝင်နေပါတယ်။
ရွေးကောက်ပွဲနေ့ဖြစ်ပေမဲ့ နေပြည်တော်မှာတော့ လုံခြုံရေး တင်းကျပ်ထားတာမရှိဘူးလို့ မြို့ခံတယောက်က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲပြီး ပြုလုပ်နေတာဖြစ်ပြီး ဒီနေ့ လုပ်နေတဲ့ အပိုင်း ၁ မှာ နိုင်ငံအနှံ့က မြို့နယ် ၁၀၂ မြို့နယ်ပါဝင်ပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကို အကျပ်အတည်းပိုတွေ့စေမယ်လို့ နိုင်ငံတကာ အသိုက်အဝန်းက ဝေဖန်ကြသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေး အဖွဲ့တွေကလည်း ဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


