
စစ်ကောင်စီရဲ့ ပြည်ပပို့ကုန်သွင်းကုန်ဆိုင်ရာတင်သွင်းမှု ဥပဒေတင်းကျပ်မှုနဲ့ ချည် (ဝါ) ကုန်ကြမ်းနဲ့ ချည်ဆိုးဆေးဓာတုပစ္စည်းတွေတင်သွင်းမှုကို ထိန်းချုပ်တာ၊ သယ်ယူခွင့်မပေးတာတွေကြောင့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ချည်ဆိုးဆေးနဲ့ ချည်ထုပ် စျေးနှုန်း အဆမတန်မြင့်တက်ခဲ့ပြီး ရက်ကန်းလုပ်ငန်းရှင်တွေ အခက်ခဲဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ချည်ဆိုးဆေးလုပ်ငန်းရှင်တယောက်က "စစ်တပ်ဂိတ်တွေက ချည်အရောင်ဆိုးတဲ့ ဆိုးဆေးပစ္စည်း သယ်ယူဖြန့်ဖြူးမှုကို ထိန်းချုပ်ထားတာ၊ စစ်တပ်ဂိတ်တွေက အဲဒီချည်အရောင်ဆိုးဆေးပစ္စည်းတွေ သယ်ခွင့်မပေးတာအပြင် တွေ့ရင်လည်း အိတ်လိုက်ဖောက်သွန်ပစ်တာ၊ ပစ္စည်းတန်ဖိုးနဲ့ ရွေးခိုင်းတာတွေကြောင့် ချည်ထုပ်စျေးက ဆီစျေးထက် နေ့စဥ်လိုလို တက်နေတာ"လို့ ပြောပါတယ်။
အဲဒီလို အခက်ခဲတွေကြောင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပြည်သူအများစု အားထား လုပ်ကိုင်နေတဲ့ ရက်ကန်းလုပ်ငန်းမှာအရှုံးပြလာပြီး ရက်ကန်းစင် ၅ စင်နဲ့အောက် လုပ်ငန်းရှင်တွေ အားလုံးက လုပ်ငန်းရပ်နားထားရမဲ့ အခြေအနေနဲ့ ကြုံနေရပြီး ရက်ကန်းစင် ၁၀ စင်နဲ့ အထက်ရှိတဲ့ လုပ်ငန်းတွေကသာ လုပ်ငန်းဆက်လက် လည်ပတ်တဲ့သဘောမျိုးနဲ့ လည်ပတ်နေရတယ်လို့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ချည်နဲ့ ဆိုးဆေးဈေးနှုန်းက မြင့်တက်နေပေမဲ့ အထည် (လုံချည်) က စျေးကောင်း မရတာကြောင့် ရိုးရာချည်ထည် ရက်ကန်းလုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ခဲဖြစ်နေတယ် လို့သိရပါတယ်။
ရက်ကန်း လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတယောက်က "အထည်(လုံချည်) စျေးက မတက်ဘူး။ လုံချည်တအုပ်ကွင်းရဲ့ ကုန်ကျစရိတ်က ကျပ် ၁၅,၀၀၀ ကျတာ ကိုယ်တိုင်ခတ်မှ ခတ်ခ ၁,၅၀၀ ပဲရတာ အမြတ်မရလို့ ရက်ကန်းလုပ်သားလည်း မငှားနိုင်ဘူး။ လျှပ်စစ်မရလို့ အင်ဂျင်စက်မောင်းခတ်ရတာ၊ ရက်ကန်းစင်နည်းတဲ့သူတွေဆိုရင် စက်မမောင်းနိုင်တော့ဘူး၊ ဒီကြားထဲ စင်ပျက် စက်ပျက်ရင် အိတ်ထဲက စိုက်ရတာ၊ ရက်ကန်းက လုပ်ရင်းနဲ့ အရှုံးပြနေလို့ ရပ်ထားရမဲ့ အခြေအနေနဲ့ကြုံတွေ့နေရတယ် " လို့ ပြောပါတယ်။
အရင်က ရွှေဘိုမြို့နယ်က ထွက်ရှိတဲ့ ရိုးရာချည်ထည် လုံချည် ၊ ပုဆိုးတွေကို တနိုင်ငံလုံးကို ဖြန့်ချိရောင်းချပြီး ရောင်အားကောင်း အမြတ်ရခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပို့ကုန်သွင်းကုန်ထိန်ချုပ်မှု ၊ချည်ကုန်ကြမ်း (ဝါ) စက်သုံးဆီစျေးမြင့်တက်မှု ၊ လမ်းပန်းဆက်သွယ်ရေး သယ်ယူသွားလာရေး ခက်ခဲမှု၊ ချည်အရောင်ဆိုးဆေးသယ်ယူမှု ကန့်သတ်ချက်တွေကြောင့် ရွှေဘိုနယ်ရဲ့ ရက်ကန်းလုပ်ငန်းက သိသိသာသာကျဆင်းသွားတယ်လို့သိရပါတယ်။


